သက်တံ့
၂. ၄. ၂၀၂၆
ပိုးမမှီသာသည် မြန်မာနိုင်ငံတွင် သူမ၏ အနုပညာသက်တမ်းကို ဇာတ်ကောင်တစ်ခုချင်းစီဖြင့် ခိုင်မာအောင် တည်ဆောက်ခဲ့ပြီး၊ သူမ သရုပ်ဆောင်ရသည့် အခန်းကဏ္ဍများသာမက ပရိသတ်နှင့် ချိတ်ဆက်နိုင်မှုအပေါ်တွင်ပါ ပိုမိုနက်ရှိုင်းစွာ ခံစားနားလည်လာသူ ဖြစ်သည်။ ယခုအခါ သူမသည် ‘Gohan’ အမည်ရှိ ထိုင်းရုပ်ရှင်ဇာတ်ကားဖြင့် ဒေသတွင်း အနုပညာလောက၏ မီးမောင်းထိုးပြမှုကို ပိုမိုရရှိလာခဲ့ပြီ ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်း အောင်မြင်ခဲ့သည့် ‘How to Make Millions Before Grandma Dies’ (မြေးနဲ့အဖွား) ဇာတ်ကားကို ထုတ်လုပ်ခဲ့သည့် GDH 559 စတူဒီယိုမှ ထုတ်လုပ်ပြီး၊ ဒါရိုက်တာ Baz Poonpiriya၊ Chayanop Boonprakob နှင့် Atta Hemwadee တို့ ရိုက်ကူးသည့် ‘Gohan’ ဇာတ်ကားသည် ဆယ်စုနှစ်တစ်ခုအတွင်း ပိုင်ရှင်သုံးဦးထံ ရောက်ရှိခဲ့သည့် လမ်းဘေးခွေးဖြူလေးတစ်ကောင်၏ အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါ ပိုင်ရှင်သုံးဦးမှာ အငြိမ်းစားယူခါနီး ဂျပန်မော်တော်ယာဉ် အင်ဂျင်နီယာတစ်ဦး၊ ခွေးဂေဟာတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာအိမ်အကူ အမျိုးသမီးငယ်တစ်ဦးနှင့် အချစ်၏ အဓိပ္ပာယ်အစစ်အမှန်ကို သင်ယူနေသည့် အနုပညာကျောင်းသူတစ်ဦးတို့ ဖြစ်ကြသည်။ ပိုးမမှီသာသည် အဆိုပါ အိမ်အကူအမျိုးသမီးငယ်နေရာမှ သရုပ်ဆောင်ထားသည်။
လူရွေးချယ်ပွဲ (Audition) လာရန် ဖိတ်ခေါ်ခံရသည့် အချိန်ကတည်းက ဤဇာတ်ကားကို သူမ အထူးစိတ်ဝင်စားခဲ့ကြောင်း Variety သို့ ပြောကြားခဲ့သည်။ “ဒီပရောဂျက်က တကယ့်ကို ထူးခြားပြီး အကြီးကြီးဖြစ်လာမှာကို ကျွန်မ သိခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက GDH က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ Baz Poonpiriya လို ဒေသတွင်း ရုပ်ရှင်လောကမှာ နာမည်ကြီးတဲ့သူတွေ ရိုက်ကူးတာကြောင့်ပါ” ဟု သူမက ဆိုသည်။
ရိုက်ကူးရေးကွင်းအတွင်း သူမ ကြုံတွေ့ရသည်မှာ အံ့ဩစရာပင် ဖြစ်သည်။ အမိမြေနှင့် ဝေးရာတွင် အလုပ်လုပ်နေရသော်လည်း ထုတ်လုပ်ရေးအဖွဲ့၏ စနစ်ကျမှုနှင့် ဂရုစိုက်မှုများကြောင့် သူမအတွက် နွေးထွေးမှုကို ခံစားခဲ့ရသည်။ “ကျွန်မ တစ်ခုခု တောင်းဆိုဖို့ မလိုခင်ကတည်းက အရာအားလုံးက အဆင်သင့် ပြင်ဆင်ထားပြီးသားပါ။ ထုတ်လုပ်ရေးက အလွန်စနစ်ကျသလို ဌာနတစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်မှုကလည်း သဘာဝကျကျနဲ့ ချောမွေ့လွန်းပါတယ်၊ ရိုက်ကူးရေးကွင်းက ဒုတိယအိမ်လိုပါပဲ” ဟု သူမက ဆိုသည်။
‘Gohan’ ဇာတ်ကားသည် ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ အနုပညာရှင်များကို စုစည်းပေးခဲ့ပြီး၊ ယင်းကဲ့သို့ ယဉ်ကျေးမှုချင်း ဖလှယ်ခွင့်ရခြင်းသည် အဓိပ္ပာယ်အရှိဆုံး အတွေ့အကြုံများထဲမှ တစ်ခုဖြစ်ကြောင်း သူမက ပြောသည်။ “စကားပြောဖြစ်တိုင်း ကျွန်မတို့ရဲ့ ရုပ်ရှင်လုပ်ငန်းတွေအကြောင်း အမြင်ချင်းဖလှယ်ကြတယ်၊ ယဉ်ကျေးမှုတွေအကြောင်း ပြောဖြစ်ကြတယ်။ အနာဂတ်မှာလည်း ဒီလို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာဖို့ မျှော်လင့်ပါတယ်” ဟု သူမက ဆိုသည်။
မြန်မာ့ရုပ်ရှင်လောကတွင် အခြေခံခဲ့ခြင်းက သူမကို ပိုမိုကြီးမားသော ထုတ်လုပ်ရေးများတွင် ကြံ့ကြံ့ခံနိုင်သည့် စွမ်းရည်ကို ရရှိစေသည်ဟု သူမက ယူဆသည်။ “ကျွန်မတို့ဆီက လုပ်ငန်းခွင်က စိန်ခေါ်မှုတွေ ရှိနိုင်တဲ့အတွက် တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့နဲ့ ပြောင်းလွယ်ပြင်လွယ်ရှိဖို့ကို မြန်မြန်ဆန်ဆန် သင်ယူခဲ့ရပါတယ်။ အခုလို ဒေသတွင်း ထုတ်လုပ်ရေးကြီးတွေထဲ ရောက်တဲ့အခါမှာလည်း ဘယ်လိုညှိနှိုင်းရမလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို နားလည်ပြီးသား ဖြစ်နေသလို ဘေးပတ်ဝန်းကျင်ကလူတွေဆီကနေလည်း ဆက်ပြီးသင်ယူနေပါတယ်” ဟု ဆိုသည်။
‘Gohan’ ရိုက်ကူးပြီးနောက်ပိုင်းတွင် အခြားစျေးကွက်များမှလည်း စိတ်ဝင်စားမှုများ ရှိလာခဲ့သည်။
“လူတွေက ‘Gohan’ ထဲက ကျွန်မရဲ့ ဇာတ်ကောင်ကို စိတ်ဝင်တစား ရှိကြပုံရပါတယ်၊ အဲဒါက ကျွန်မအတွက် တကယ့်ကို အားတက်စရာပါ။ ကျွန်မကို စိန်ခေါ်မှုပေးနိုင်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ တိုးတက်စေမယ့် ပရောဂျက်တွေမှာ ပါဝင်ဖို့ စိတ်လှုပ်ရှားနေပါတယ်” ဟု သူမက ပြောသည်။
နိုင်ငံဖြတ်ကျော် အနုပညာခရီးလမ်း တည်ဆောက်ရန်မှာ ပိုးမမှီသာ တက်ကြွစွာ ကြိုးပမ်းနေသည့် အရာတစ်ခု ဖြစ်သည်။ သို့သော် သူမ၏ ရည်မှန်းချက်မှာ သရုပ်ဆောင်ခြင်း တစ်ခုတည်းတွင် မရပ်တန့်ပါ။ သူမသည် ဇာတ်ကောင်တစ်ခုအတွက် မည်သည့်သရုပ်ဆောင်က အသင့်တော်ဆုံးဖြစ်မည်ကို စဉ်းစားရသည့် လူရွေးချယ်မှု (Casting) လုပ်ငန်းစဉ်ကိုလည်း စိတ်ဝင်စားပြီး၊ နောင်တစ်ချိန်တွင် ကင်မရာနောက်ကွယ်မှနေ၍ ပုံပြောသူ (Storyteller) တစ်ဦးအဖြစ် ပါဝင်ရန်လည်း မျှော်မှန်းထားသည်။
သူမ သရုပ်ဆောင်လိုဆုံး ဇာတ်ရုပ်မှာမူ သူမ မင်းသမီးမဖြစ်မီ ဘဝနှင့် ဆက်စပ်နေသည်။ သရုပ်ဆောင်မဖြစ်မီက ပိုးမမှီသာသည် ဆေးကျောင်းတက်ခဲ့သူ ဖြစ်သည်။ “ ‘Grey’s Anatomy’ လိုမျိုး ဆေးပညာအခြေခံတဲ့ ဇာတ်လမ်းထဲမှာ ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်ချင်တဲ့ အိပ်မက်လေး အမြဲရှိပါတယ်၊ အဲဒါက ကျွန်မအတွက် တကယ့်ကို ပျော်စရာကောင်းပြီး အဓိပ္ပာယ်ရှိမယ့် အတွေ့အကြုံမျိုး ဖြစ်မှာပါ” ဟု သူမက ဆိုသည်။
ထို့ပြင် ‘Gohan’ ဇာတ်ကားသည် သူမ၏ မိခင်နိုင်ငံမှ ရုပ်ရှင်လုပ်ငန်းအတွက် လမ်းစတစ်ခု ဖြစ်လာရန်လည်း သူမ မျှော်လင့်နေသည်။
“မြန်မာနိုင်ငံမှာ အရည်အချင်းရှိတဲ့ အနုပညာရှင်တွေ အများကြီးရှိသလို ကမ္ဘာကို မျှဝေချင်တဲ့ အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်မတို့ဆီက အနုပညာရှင်တွေက နိုင်ငံတကာရုပ်ရှင်လောကမှာ ပါဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ကျွန်မ အခိုင်အမာ ယုံကြည်ပါတယ်။ ‘Gohan’ လို ပရောဂျက်တွေကနေတစ်ဆင့် ကျွန်မတို့ရဲ့ ဖန်တီးမှုအသိုက်အဝန်းအပေါ် စိတ်ဝင်စားမှုတွေ ပိုရှိလာပြီး ကျွန်မတို့ရဲ့ ဇာတ်လမ်းတွေ ကမ္ဘာဆီရောက်ဖို့ တံခါးတွေ ပိုပွင့်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
‘Gohan’ ဇာတ်ကားကို ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ဧပြီလ ၂ ရက်နေ့မှစ၍ ရုံတင်ပြသနေပြီ ဖြစ်သည်။
Ref : Variety
