သက်တံ့
၂. ၄. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ နေအိမ်တစ်လုံးတွင် အသက် ၇ နှစ်အရွယ်ရှိ သမီးငယ်ဖြစ်သူကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော မြန်မာအမျိုးသမီးတစ်ဦးသည် မတ်လ ၃၁ ရက်၊ အင်္ဂါနေ့တွင် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
သေဆုံးသူ မိန်းကလေးငယ် စု (Su) ၏ အသက် ၅၀ အရွယ် အဖွားဖြစ်သူ နန်း (Nan) သည် မြေးမလေး၏ ရုပ်အလောင်းကို အင်္ဂါနေ့တွင် Synphaet Seriruk ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံဝန်ထမ်းများအား သေဆုံးရသည့်အကြောင်းရင်းကို သူမ မသိရှိကြောင်း ပြောကြားခဲ့သည်။
ဆရာဝန်က စု ကို စစ်ဆေးကြည့်ရှုရာတွင် သူမ၏ လည်ပင်း၌ ညှစ်ထားသည့် ဒဏ်ရာများနှင့် ဆင်တူသော အမှတ်အသားများကို တွေ့ရှိခဲ့သည်။ ထပ်မံ၍ ရင်ခွဲစစ်ဆေးချက်များအရ မိန်းကလေးငယ်သည် အသက်ရှုကျပ် ပြတ်တောက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆေးရုံက မင်းဘူရီ (Min Buri) ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

ရဲအရာရှိများက အဖွားဖြစ်သူ နန်း ကို စစ်မေးရာတွင် သူမက စု ၏ မိခင်ဖြစ်သူ အသက် ၃၀ အရွယ် မမျိုး (Myo) သည် သမီးဖြစ်သူကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကို ထွက်ဆိုခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့သည် နန်း နှင့်အတူ စု နှင့် မမျိုး တို့ နေထိုင်ခဲ့သည့် အိမ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
မမျိုးသည် ယခင်က ထိုင်းနိုင်ငံမှ ထွက်ခွာ၍ ဒူဘိုင်းတွင် အလုပ်သွားလုပ်ခဲ့ပြီး မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း နန်း က ရဲတပ်ဖွဲ့ကို ပြောပြသည်။ အခင်းဖြစ်ပွားသည့်နေ့တွင် မမျိုးသည် အိတ်တစ်လုံးကို သယ်ဆောင်ကာ အိမ်မှထွက်သွားခဲ့ပြီး အခြားတစ်နေရာတွင် ပြောင်းရွှေ့နေထိုင်တော့မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
မမျိုး ဘယ်ကိုသွားမည်လဲဆိုသည်ကို သူမ မမေးမြန်းခဲ့သော်လည်း စု ၏ အိပ်ခန်းထဲသို့ သွားရောက်ကြည့်ရှုရာတွင် ကလေးမလေးမှာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း နန်းက ပြောသည်။ စု ၏ လည်ပင်းတွင် နိုင်လွန်ကြိုးတစ်ချောင်း ပတ်ထားသည်ကို တွေ့ရပြီး ကြိုး၏အခြားတစ်ဖက်ကမူ ၁ လီတာခွဲဝင် ရေသန့်ဘူး ၆ ဘူး (စုစုပေါင်း ၉ လီတာ) ထည့်ထားသည့် ကျောပိုးအိတ်တစ်လုံးနှင့် ချည်နှောင်ထားသည်ကို တွေ့ခဲ့ရကြောင်းနှင့် ထိုရေသန့်ဘူးများထည့်ထားသည့် ကျောပိုးအိတ်ကို ကြိုးနှင့်ချည်နှောင်၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ပစ်ချထားကာ ကြိုးဆွဲချသည့်ပုံံစံ သတ်ဖြတ်ထားခြင်းဖြစ်ကြောင်း နန်းက ထွက်ဆိုသည်။

ရဲတပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် သက်သေအထောက်အထားများ စုဆောင်းနေပြီး လူသတ်မှုဖြစ်ကြောင်း အတည်ပြုနိုင်ပါက မမျိုးကို ဖမ်းဝရမ်းထုတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်းကိုမူ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။
အိမ်နီးချင်းများကမူ ထူးခြားသည့် အခြေအနေတစ်စုံတစ်ရာ မသတိထားမိကြောင်း Channel 6 သို့ ပြောကြားခဲ့သည်။ အဆိုပါအိမ်တွင် နန်း၊ မမျိုး၊ စု နှင့် နန်း၏ ခင်ပွန်းဖြစ်သူ စုစုပေါင်း မြန်မာနိုင်ငံသား ၄ ဦး နေထိုင်ကြောင်း ၎င်းတို့က သိရှိထားကြသည်။
စု ကို ရပ်ကွက်အတွင်း စက်ဘီးစီးနေသည်ကိုလည်းကောင်း၊ ကစားကွင်းတွင် ကစားနေသည်ကိုလည်းကောင်း မြင်တွေ့ရလေ့ရှိသော်လည်း သူမနှင့် စကားတစ်ခါမျှ မပြောဖူးကြောင်း အိမ်နီးချင်းများက ဆိုသည်။ ကလေးမလေးသည် ကျန်းမာရွှင်လန်းပုံရပြီး မမျိုးသည်လည်း လူအများရှေ့တွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်မျိုး တစ်ခါမျှ မပြသခဲ့ဖူးကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။
Ref : The Thaiger
