
၁. ၄. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန်အတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး အစည်းအဝေးတွင် ပြောကြားသည်။
ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီသိုရောက်ရှိလာပြီဖြစ်သဖြင့် လေအေးပေးစက်များကို ပိုမိုအသုံးပြုလာကြကြောင်း၊ ထိုသိုအသုံးပြုရာတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုမှုများ များပြားလာသကဲ့သို မီးစက်များအသုံးပြု၍လည်း ဆောင်ရွက်ကြကြောင်း ယာယီသမ္မတက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကို ချွေတာရန်လိုအပ်သကဲ့သို မီးစက်သုံးဆီသုံးစွဲခြင်းများနှင့် မော်တော်ယာဉ် အသုံးပြုမှုများကိုလည်း လျှော့ချသွားရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ပါက တစ်ဖက်မှလည်း နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကို ဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
