သက်တံ့
၁. ၄. ၂၀၂၆
မြန်မာ့ပင်လယ်ပြင်ပိုင်နက်အတွင်း ငါးဝင်ခိုးဖမ်းနေချိန်မှာ မြန်မာကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးမှုခံလိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ်တံငါသည် ၁၆ ဦး ပြန်လည်လွတ်မြောက်ဖို့ အစိုးရက ကူညီပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘိုရိုခီရီ (Borokheri) ရေတပ်ရဲကင်းစခန်းမှူး မိုဟာမက် ရှာဖီကူလ် ရာမန် (Md Shafiqul Rahman) ရဲ့ အဆိုအရ အဆိုပါတံငါသည်တွေဟာ မတ်လ ၂၂ ရက်နေ့က ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းဖို့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ရမ်ဂါတီမြို့နယ်၊ ချာပိုရာဂါချာ (Charporagacha) ကျေးရွာက ကိုးဦး၊ နိုအာခါလီ (Noakhali) ခရိုင်က သုံးဦး၊ စစ်တကောင်း (Chattogram) ခရိုင်က သုံးဦးနဲ့ ဘိုလာ (Bhola) ခရိုင်က တစ်ဦးတို့ ပါဝင်ပါတယ်။
တက်ကနာ (Teknaf) နဲ့ အူခီယာ (Ukhiya) နားက ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်အနီးမှာ မြန်မာကမ်းခြေစောင့်တပ်က ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို မြန်မာနိုင်ငံ၊ စစ်တွေမြို့ (အကျပ်) အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မိုဟစ်ရှ်ခါလီမြို့နယ်မှာ နေထိုင်တဲ့ စက်လှေပိုင်ရှင် မီဇာနူရ် ရာမန်က ပြောပါတယ်။
ရမ်ဂါတီမြို့နယ်က ဖမ်းဆီးခံရသူတွေအဖြစ် အမည်စာရင်း သိရှိရသူတွေကတော့ မိုဟာမက် ဂျူးဝဲလ် (Md Jewel)၊ မိုဟာမက် နီရပ် (Md Nirab)၊ မိုဟာမက် ရာကစ် ဟိုစိန် (Md Rakib Hossain)၊ မိုဟာမက် မက်ဇ်ဘာ အူဒင် (Md Mezbah Uddin)၊ မိုဟာမက် ဆက်ဒမ် ဟိုစိန် (Md Saddam Hossain)၊ မိုဟာမက် လစ်တန် (Md Liton)၊ ဖာဟတ် ဟိုစိန် (Farhad Hossain)၊ မိုဟာမက် တာမစ် (Md Tahmid) နဲ့ မိုဟာမက် တမ်ဂျစ် (Md Tamjid) တို့ ဖြစ်ကြပါတယ်။ ကာမယ်နာဂါကတော့ မိုဟာမက် အာဂျီ အူလာ (Md Aji Ullah) ဖမ်းဆီးခံရပြီး နိုအာခါလီကတော့ မိုဟာမက် ရှာဂျာဟန် (Md Shahjahan)၊ ဂျာဘာ ဟိုစိန် (Jaber Hossain) နဲ့ မိုဟာမက် ဆိုဟက် (Md Sohag) တို့ ဖြစ်ပြီး ကျန်တဲ့သုံးဦးကတော့ အမည်မသိရသေးပါဘူး။
မိသားစုဝင်တွေကတော့ သူတို့နဲ့ နောက်ဆုံးအဆက်အသွယ် ရခဲ့တာ ရက်အတော်ကြာပြီလို့ ဆိုပါတယ်။ တံငါသည် လစ်တန်ရဲ့ ဇနီး ရိုဇီနာ အက်ခ်တာ (Rozina Akhter) က “ပြီးခဲ့တဲ့ သောကြာနေ့က ခင်ပွန်းဖြစ်သူဆီက ဖုန်းလာခဲ့ပြီး မြန်မာကမ်းခြေစောင့်တပ်က သူတို့စက်လှေကို ဖမ်းထားတယ်လို့ ပြောတယ်” ဆိုပြီး ပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ သတင်းကို လက်ခံရရှိထားပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရှာဖီကူလ် ရာမန်က ဆိုပါတယ်။ ရမ်ဂါတီရဲစခန်းမှူး လစ်တန်ဒီဝမ် (Liton Dewan) ကတော့ တံငါသည်တွေ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေးအတွက် အထက်အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ပြောပါတယ်။
ရမ်ဂါတီမြို့နယ် အုပ်ချုပ်ရေးမှူး နီလူဖာ ယာစမင် နီပါ (Nilufa Yasmin Nipa) ကလည်း တံငါသည်တွေ ဘေးကင်းကင်းနဲ့ ပြန်လည်ရောက်ရှိလာဖို့အတွက် အစိုးရအနေနဲ့ လိုအပ်တဲ့ အဆင့်ဆင့်တွေကို ဆောင်ရွက်နေသလို ဆက်လက်ပြီးတော့လည်း အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Ref : Daily Sun
