
၁.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ အနီးကပ်ဆုံးမဟာမိတ်အဖွဲ့ဖြစ်တဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) က အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ပျက်ကွက်ခဲ့ကြပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်စာချုပ်အဖွဲ့ကနေ နုတ်ထွက်ဖို့အထိ အလေးအနက် စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ပြောခဲ့တယ်လို့ The Telegraph သတင်းစာက ဧပြီလ ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
The Telegraph သတင်းစာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ တွေ့ဆုံမေးမြန်းခဲ့စဉ်မှာ အီရန် ပဋိပက္ခပြီးဆုံးတဲ့အချိန်ကျရင် NATO မဟာမိတ်အဖွဲ့မှာ အမေရိကန်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ပြန်လည် စဉ်းစားမည်လားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က “ပြန်လည်စဉ်းစားဖို့ဆိုတာက ကျော်လွန်နေပြီလို့တောင် ဆိုရမှာပါ၊ ကျွန်တော်တို့် NATO ရဲ့စိုးမိုးခြယ်လှယ်မှုကို ဘယ်တုန်းကမှ မခံခဲ့ဘူး။ သူတို့ဟာ စက္ကူကျား တစ်ကောင်သာဖြစ်တယ်ဆိုတာ ကျွန်တော် အမြဲသိခဲ့တယ်” လို့ ဖြေကြားခဲ့ပါတယ်။
ထရမ့်ပ် က မဟာမိတ် NATO အဖွဲ့က အမေရိကန်နှင့် ဟောမုဇ်ရေလက်ကြားလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုပြုဖို့ ငြင်းဆိုခဲ့ကြတာကို သူ့အနေနဲ့ မကျေနပ်ဘူးဆိုတာ ပြောခဲ့ပြီး “တကယ်တော့ လက်တွေမှာဆိုရင် အတော်ယုံရခက်တယ်” လို့ ဆိုခဲ့ပါသေးတယ်။
ဒါ့ပြင် ထရမ့်ပ်က သူ့ရဲ့အရင်းနှီးဆုံးမဟာမိတ်နိုင်ငံ ဖြစ်တဲ့ ယူနိုက်တစ်ကင်းဒမ်းကို ရည်ညွှန်းပြီး ဒီနိုင်ငံမှာ အလုပ်မလုပ်တဲ့ လေယာဉ်တင်သင်္ဘောတွေ ရှိမှာပါလို ပြောကြားခဲ့ပြီး ဗြိတိသျှရေတပ်ဟာ ဒီတာဝန်အတွက်လည်း မလုံလောက်ကြောင်း ညွှန်ပြနေတယ်လို့ဆိုခဲ့ပါတယ်။ ဒါ့ပြင်သူက ဗြိတိသျှ ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောတွေဆိုတာက ကစားစရာအရုပ်တွေလိုပါပဲ လို့ သရော်ခဲ့ပါသေးတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တွေ့ဆုံမေးမြန်းပွဲမတိုင်မီမှာပဲ ပဋိပက္ခအပြီးမှာတော့ အမေရိကန်ပြည်ထောင်စုဟာ NATO အဖွဲ့ဝင်ဖြစ်မှုကို ပြန်လည်စစ်ဆေးရမယ်လို့ ပြောခဲ့တယ်ဆိုတာ သတင်းမှာ ဖော်ပြထားပါသေးတယ်။
ရူဘီယိုက “နေတိုးအဖွဲ့ဟာ ဥရောပကို တိုက်ခိုက်ခံရရင် ကျွန်တော်တို့ ကာကွယ်ဖို့ပဲ ရည်ရွယ်ထားပေမယ့် အမေရိကန်အနေနဲ့ လိုအပ်တဲ့အချိန်မှာကြ အခြေခံအခွင့်အရေးတွေကို ငြင်းပယ်နေတယ်ဆိုရင် အဲဒါက ကောင်းတဲ့ အစီအစဉ်တစ်ခု မဟုတ်ပါဘူး။ အဲဒါက အမေရိကန် အနေနဲ့ ဆက်လက်ပါဝင်နေဖို့ ခက်ခဲတဲ့ အစီအစဉ်တစ်ခုပါ” လို့ ပြောကြားခဲ့တယ်လို့လဲ သတင်း ကဆို ပါတယ်။
သမ္မတ ထရမ့်ပ် ကလည်း ရူဘီယို ရဲ့ မှတ်ချက်တွေအပေါ် ဝမ်းသာမိတယ် လို့ The Telegraph ကို ပြောကြားခဲ့ပါတယ်။
ခုလို ထရမ့်ပ် ရဲ့ ဝေဖန်မှုတွေအပြီးမှာ ဗြိတိန်ဝန်ကြီးချုပ် ကား စတမ်မာ က အီရန်စစ်ပွဲအပေါ် သူ့ရဲ့ရပ်တည်ချက်ကို မပြောင်းလဲဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
ဥရောပနိုင်ငံအများအပြားဟာ အီရန် ပဋိပက္ခ မှာမပါဝင်ကြဘဲ ကင်းကင်းရှင်းရှင်း နေခဲ့ကြပါတယ်။ စတမ်မာ က သူ့နိုင်ငံဟာ “ဘယ်လိုဖိအားတွေပဲလာလာ၊ ဘယ်လိုနေရာကပဲလာလာ” ပဋိပက္ခထဲကို ဆွဲခေါ်ခံမှာ မဟုတ်ဘူးလို့ မတ်လ ၃၀ ရက်က ပြောကြားခဲ့ပြီး စပိန်နိုင်ငံကဘည်း ထိုနေ့မှာပဲ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ လေယာဉ်ပျံသန်းမှုအားလုံး ကို သူ့ရဲ့လေပိုင်နက်ထဲ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်လိုက်တယ်လို့ သိရပြန်ပါတယ်။
ဒါကြောင့်လည်း အီရန်စစ်ပွဲရဲ့ ဂယက်ရိုက်မှုက အခုဆိုရင် အနောက်အုပ်စုရဲ့ အခိုင်မာဆုံးစစ်မဟာမိတ် စာချုပ်အဖွဲ့ဖြစ်တဲ့ နေတိုးအဖွဲ့ တောင်ပြိုကွဲရတော့မလို အခြေအနေရောက်လာရတယ်လို့သာဆိုရ တော့မှာပါ။
Ref- Xinhuanet
