
၂. ၄. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီဈေးများ မြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများ တင်သွင်းရာတွင် ကောက်ခံလျက်ရှိသည့် အခွန်အခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး အစည်းအဝေးတွင် ပြောကြားသည်။
ယခုကာလအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အတူ ဒေါ်လာဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဒေါ်လာဈေးများ မြင့်တက်လာခြင်းမှာ စက်သုံးဆီများအပါအဝင် အခြားပြည်ပသွင်းကုန်တန်ဖိုးများ မြင့်မားလာခြင်းကြောင့် ငွေကြေးပမာဏပိုမိုသုံးစွဲရပြီး ဒေါ်လာဈေးများ မြင့်မားလာခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အဓိကအားဖြင့် ပြည်တွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာမှု မရှိစေရေးအတွက် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက် အဓိကထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
စက်သုံးဆီဈေးများ မြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများ တင်သွင်းရာတွင် ကောက်ခံလျက်ရှိသည့် အခွန်အခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် စက်သုံးဆီများ တင်သွင်းရာတွင် အများပြည်သူသယ်ယူပိုဆောင်ရေးလုပ်ငန်းများ အဓိကအသုံးပြုလျက်ရှိသော ဒီဇယ်ဆီများအတွက် ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
