၂.၄.၂၀၂၆
Writtwn by Nyein Kyaw
ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုတွင် အများဆုံး အဓိကအသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လ အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ထုတ်ပြန်ကြေညာထားသည်။
အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် ဆောင်ရွက်လျက်ရှိသည်။
ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုတွင် အများဆုံး အဓိကအသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်၊ လျော့ကျစေရေး ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကုန်ဈေးနှုန်းတည်ငြိမ် လျော့ကျစေရေးအတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသောအကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ၂၀၂၆ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်သည်။
အဆိုပါအခွန်ကင်းလွတ်ခွင့်သည် ဖော်ပြပါကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအတွက်သာ အကျုံးဝင်မည်ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။
စက်သုံးဆီဈေးများ မြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများ တင်သွင်းရာတွင် ကောက်ခံလျက်ရှိသည့် အခွန်အခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး အစည်းအဝေးတွင် ပြောကြားသည်။



