၃၁.၃.၂၀၂၆
Translated by Htwe Ko Tun
ဟေတီနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဂိုဏ်းဖွဲ့တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသူဦးရေမှာ ကနဦး ထင်ထားတာထက် များစွာ ပိုမိုများပြားနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။
ဟေတီနိုင်ငံ၊ အာတီဘိုနိုက် (Artibonite) ဒေသမှာ မတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဂိုဏ်းဖွဲ့တိုက်ခိုက်မှုတစ်ခုမှာ အနည်းဆုံး လူ ၇၀ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုက မတ်လ ၃၀ ရက်က ပြောကြားခဲ့ပြီး ကနဦးတရားဝင်အစီရင်ခံစာတွေထက် သေဆုံးဒဏ်ရာရသူ များစွာပိုမိုမြင့်မားနေတယ်လို့ သိရပါတယ်။

Collective Defending Human Rights အဖွဲ့က သေဆုံးသူဦးရေ သိသိသာသာ များပြားကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ရပ်ကို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ် သုံးသပ်ခဲ့ကာ ဒေသခံ ၆,၀၀၀ နီးပါးဟာ သူတို့ရဲ့နေအိမ်တွေမှ ထွက်ပြေးခဲ့ရတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အဆိုပါအဖွဲ့က ဒေသန္တရအာဏာပိုင်တွေကို ကြေညာချက်တစ်စောင်မှာ ဝေဖန်ခဲ့ပြီး လုံခြုံရေးတုံ့ပြန်မှု မရှိတာနဲ့ အာတီဘိုနိုက်ဒေသကို ကာကွယ်ရန်ပျက်ကွက်မှုက တာဝန်ယူမှုကို လျစ်လျူရှုထားတာကို ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။
မတ်လ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး သေဆုံးသူဦးရေ ခန့်မှန်းချက်တွေက ၁၀ ဦးမှ ၈၀ အထိ အမျိုးမျိုးကွဲပြားကွာခြားနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက “ဒီတိုက်ခိုက်မှုက ဟေတီပြည်သူတွေ ရင်ဆိုင်နေရတဲ့ လုံခြုံရေးအခြေအနေရဲ့ ပြင်းထန်မှုကို ပေါ်လွင်စေပါတယ်” လို့ ပြောခဲ့ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒေသခံအရပ်ဘက်ကာကွယ်ရေးအရာရှိတွေက မတ်လ ၂၉ ရက် မနက် ၃ နာရီလောက်မှာ Gran Grif ဂိုဏ်းရဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေက Jean-Denis နယ်မြေမှာ အဆိုပါအကြမ်းဖက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့ကြတာပါ။

အရေးပါတဲ့ စိုက်ပျိုးရေးဒေသတစ်ခုဖြစ်တဲ့ အာတီဘိုနိုက်ဒေသဟာ ဟေတီနိုင်ငံမှာ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေထဲက အချို့ကို ကြုံတွေ့ခဲ့ရပြီး ဂိုဏ်းလှုပ်ရှားမှုတွေဟာ မြို့တော် ပို့သ်အော်ပရင့်စ် အပြင်ဘက်ကို ရောက်တဲ့အထိ ပျံ့နှံ့ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက Gran Grif နဲ့ Viv Ansanm အဖွဲ့တွေရဲ့ ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်းအထိ ဆုငွေချီးမြှင့်မယ်လို့ မတ်လမှာ ကြေညာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့စလုံးကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့ အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကုလသမဂ္ဂက ထောက်ပံ့ထားတဲ့ နိုင်ငံတကာမစ်ရှင်တစ်ခုနဲ့ အမေရိကန်ပုဂ္ဂလိကစစ်ဘက်ကန်ထရိုက်တာတစ်ခုရဲ့ ကျောထောက်နောက်ခံနဲ့ ဟေတီလုံခြုံရေးတပ်ဖွဲ့တွေဟာ မြို့တော်ရဲ့ အများစုကို ထိန်းချုပ်ထားတဲ့ အကြမ်းဖက်ဂိုဏ်းတွေကို စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။
ဟေတီနိုင်ငံတစ်ဝန်းမှာ ၂၀၂၁ ခုနှစ်မှစလို့ ဂိုဏ်းဖွဲ့အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတွင်းလူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စားနပ်ရိက္ခာမလုံလောက်မှုကို ပိုမိုဆိုးရွားစေခဲ့ကာ နိုင်ငံတစ်ဝန်း သေဆုံးသူ ၂၀,၀၀၀ နီးပါးရှိခဲ့ပြီး နှစ်စဉ်သေဆုံးမှုနှုန်းကလည်း မြင့်တက်လာခဲ့ပါတယ်။
Ref- DW News

