သက်တံ့
၃၁. ၃. ၂၀၂၆
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောအား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးနှင့် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို ယနေ့ မတ်လ ၃၁ ရက် နံနက် ၁၀ နာရီအချိန် သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့နှစ်ဦးမှ တစ်ဦးကို ဆန္ဒမဲပေးရွေးချယ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၂၆၀ အနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန္ဒမဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ဆန္ဒမဲ ၁၀ မဲနှင့် ပယ်မဲ ၃ မဲရှိခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မဲရလဒ်အပြတ်အသတ်အသာစီးဖြင့် ပြည်သူ့လွှတ်တော်၏ ဒုတိယသမ္မတအဖြစ် အတည်ပြုရွေးကောက်တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။
ထို့အတူ အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ဒေါ်နန်းနီနီအေး (ကရင်ပြည်နယ်၊ အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ် (၁) )နှင့် ဒေါက်တာ မနာမ်တူးဂျာ (ကချင်ပြည်နယ်၊ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် အမှတ် (၂) တို့နှစ်ဦးတို့ကို ဆန္ဒမဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆန္ဒမဲပေးရွေးချယ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၅၅ ဦးရှိခဲ့ရာ ဒေါ်နန်းနီနီအေးက ဆန္ဒမဲ ၁၁၇ မဲနှင့် ဒေါက်တာမနာမ်တူးဂျာက ဆန္ဒမဲ ၃၈ မဲရရှိခဲ့သဖြင့် ဒေါ်နန်းနီနီအေးအား အမျိုးသားလွှတ်တော်၏ ဒုတိယသမ္မတအဖြစ် အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက လက်ရှိအချိန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးညိုစောကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးညိုစောအား နိုင်ငံတော်ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်ပါသည်။” ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးသက်ပိုင်ထူးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။
လက်ရှိအချိန်တွင် လွှတ်တော်က ရွေးကောက်တင်မြှောက်သော ဒုတိယသမ္မတသုံးဦးအဖြစ် ပြည်သူ့လွှတ်တော်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဦးညိုစောနှင့် အမျိုးသားလွှတ်တော်က ဒေါ်နန်းနီနီအေးတို့ကို တင်မြှောက်ခဲ့ပြီး အဆိုပါ ဒုတိယသမ္မတသုံးဦးကို ပြည်ထောင်စုလွှတ်တော်နာယကသို့ အမည်စာရင်းတင်သွင်းကာ လိုအပ်သည့် စိစစ်မှုများပြုလုပ်ပြီးနောက် နိုင်ငံတော်သမ္မတရွေးချယ်ပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတရွေးချယ်ပွဲတွင် မဲအများဆုံးရသူက နိုင်ငံတော်သမ္မတအဖြစ် အစိုးရအဖွဲ့ ဖွဲ့ခွင့်ရမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ (၁) နှင့် မဲအနည်းဆုံးရသူက ဒုတိယသမ္မတ (၂) ဖြစ်လာမည်ဖြစ်သည်။
