၃၁.၃.၂၀၂၆
Written by Linn Eain
အိန္ဒိယနိုင်ငံက ရူပီသန်း ၂၀ ကျော်တန်ဖိုးရှိ ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းခဲ့ပြီး ကိရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို လှိုင်မြို့နယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall တွင် မတ်လ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Abhay Thakur က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဌေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများကို ရန်ကုန်ဆိပ်ကမ်းရောက်ရန် အိန္ဒိသံရုံးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မတ် ၂၄ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံးသို့ ရောက်ရှိခဲ့ကြောင်း၊ လှူဒါန်းသည့်ပစ္စည်းများတွင် ၁၁ မျိုးပါဝင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ပြောကြားခဲ့သည်။


‘‘တန်ဖိုးအနေဖြင့် အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအနေနဲ့ ကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိပါတယ်။ အခုလိုလှူဒါန်းပေးတဲ့အတွက် အိန္ဒိယသမ္မတနိုင်ငံနဲ့ အိန္ဒိယပြည်သူပြည်သားတွေ၊ သံအမတ်ကြီးနဲ့တကွ သံရုံးက တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပံ့ပိုးကူညီမှုဟာ စေတနာကောင်းကိုသာမက မြန်မာနိုင်ငံနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ဆက်လက်ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံက လှူဒါန်းသည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများတွင် မြေကြီးထိုးဖောက်စစ်ဆေးရေး ရေဒါစက် (Ground Penetr-ation Radar)၊ Lidar စကန်နာပါသော တက်ဘလက် (Tablet /iPad with Lidar Scanner)ı လေဗယ်တိုင်းတာရေး လေဆာစက် (Levelling Laser)၊ ဒစ်ဂျစ်တယ် ရေညှိတန်းတိုင်းကိရိယာ ( ၁ မီတာ) (Digital Spirit Level 1M Length)၊ အတိုင်းအတာတိုင်းကိရိယာ (Vernier Clipper)၊ အကွာအဝေးတိုင်းတာရေး လေဆာစက် အများဆုံးအကွာအဝေး(Distance Laser Max)၊ ကွန်ကရစ်ခိုင်ခံ့မှု စမ်းသပ်ဟမ်မား (Rebound Hammer)၊ တိုင်းတာရေးစက် (Total Station) (Computer)နှင့် ဆက်စပ်ပစ္စည်းများပါဝင်ပြီး ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ခြင်းများအတွက် အသုံးပြုနိုင်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများ ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်နိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဆန်းကြူက အိန္ဒိယနိုင်ငံက လှူဒါန်းသည့် အဆောက်အအုံစစ်ဆေးခြင်းအတွက် စက်ပစ္စည်းအသုံးပြုမှု နည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ၊ ငလျင်ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
