




နေမိုး
၂၇. ၃. ၂၀၂၆
စစ်ရေးရှုံးနိမ့်မှုနဲ့ လူထုယုံကြည်မှု ပျက်သုဥ်းမှုကြောင့် PDF တွေ အလင်းဝင်မှု များပြားလာပြီး မတ်လ ၁၉ ရက်ကနေ မတ်လ ၂၆ ရက်အထိ ရှစ်ရက်အတွင်း AA၊ DPLA နဲ့ KNDF အပါအဝင် PDF ၅၇၃ ဦး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
PDF တွေ အလင်းဝင်ဖို့ တပ်မတော်က ဖိတ်ခေါ်ပြီးစအချိန်ကနေ ၂၀၂၆ မတ်လ ၁၈ ရက်အထိ PDF တစ်ထောင်ကျော်အလင်းဝင်ခဲ့ရာမှာ အများဆုံးအဖြစ် လူ ၂၀၀ နီးပါးသာ အသုတ်လိုက် အလင်းဝင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မှာတော့ မန္တလေးတိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ MDY PDF အများအပြားအပါအဝင် PDF ၅၀၆ ဦး လက်နက် ၈၀ နီးပါး၊ ခဲယမ်း ၆၀၀၀ ကျော်နဲ့ စံချိန်တင် အလင်းဝင်ခဲ့တာပါ။
ဒီလို စံချိန်တင်အလင်းဝင်ပြီး နောက်ရက် မတ်လ ၁၉ ရက်မှာ AA နဲ့ PDF ၂၂ ဦးက လက်နက် ၁၃ လက်၊ ခဲယမ်း ၁၀၀၀ အောက်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအလင်းထပ်မံ ဝင်ခဲ့သလို မတ်လ ၂၄ ရက်မှာလည်း DPLA ၊ KNDF ၊ PNLO နဲ့ PDF အဖွဲ့တွေက အဖွဲ့ဝင် အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၇ ဦးက လက်နက် ဆယ်လက်အပြင် ခဲယမ်းတွေနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်ခဲ့တာပါ။
ဒါ့အပြင် မတ်လ ၂၆ ရက်မှာလည်း ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့ဝင် ဆယ်ဦးနဲ့ PDF ရှစ်ဦးက MA-1 အမျိုး အစားမောင်းပြန်ရိုင်ဖယ်(၅) လက်၊ MA-3 အမျိုးအစား မောင်းပြန် ရိုင်ဖယ်(၁) လက်၊ MA-11 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁) လက်၊ SIG SAUER အမျိုးအစားပစ္စတို (၁)လက်၊ ၃၅ တောင့်ဝင် ကျည်အိမ် (၉) ခု၊ SIG SAUER အမျိုးအစား ပစ္စတိုကျည်အိမ် ၁ ခု၊ BA-91 လက်ပစ်ဗုံး (၁) လုံး၊ ၅ ဒသမ ၅၆ မမ ကျည် (၂၈၃) တောင့်၊ ၇ ဒသမ ၆၂ မမကျည် (၂၃) တောင့်နဲ့ USA 380 AUTO (၂၀) တောင့်နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်ခဲ့ပါသေးတယ်။
ဒီလိုမျိုး တပ်မတော်ထံ အညံ့ခံလာတဲ့ PDF ၅၇၃ ဦးကို မိဘအုပ်ထိန်းသူထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံလိုက်သလို ပါဝင်လာတဲ့ လက်နက် ၁၀၀ ကျော်၊ ခဲယမ်း ၇၀၀၀ ကျော်အတွက် အလင်းဝင်ထောက်ပံ့ငွေကြေး သိန်း ၃၀၀၀ ကျော်ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
