သက်တံ့
၂၇. ၃. ၂၀၂၆
တရားမဝင် ဒရုန်းများ နှိမ်နင်းရေး (Drone outlaws) လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးအရ ထိုင်းနိုင်ငံ၊ ဆိုက်ဘာရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ မတ်လ ၂၆ ရက်နေ့မှာ ဘန်ကောက်က နေရာနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် မှောင်ခိုသွင်းကာ အွန်လိုင်းကနေ ပြန်ရောင်းနေတဲ့ ဒရုန်းအစီးရေ ၂,၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အွန်လိုင်းပေါ်မှာ ဒရုန်းတွေကို တရားမဝင် ရောင်းချနေတယ်ဆိုတဲ့ သံသယနဲ့ မင်းဘူရီ (Min Buri) ရာဇဝတ်တရားရုံးရဲ့ ဝရမ်းအရ ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ နေရာနှစ်ခုကို ရှာဖွေခဲ့တာဖြစ်ပေမဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နေရာတစ်ခုရဲ့ အသေးစိတ်ကိုပဲ ဖော်ပြထားပါတယ်။
ဝင်ရောက်စီးနင်းခဲ့တဲ့ နေရာတစ်ခုကတော့ လတ်ကရာဘန်းနယ်မြေ၊ သပ်ယောင်းမှာရှိတဲ့ အဆင့်မြင့် ဂိုဒေါင်ကြီးတစ်ခု ဖြစ်ပါတယ်။ အဲဒီနေရာဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ အစားအသောက်နဲ့ လျှပ်စစ်ပစ္စည်း အမျိုးမျိုးကို သိုလှောင်ထားတဲ့ နေရာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အဲဒီဂိုဒေါင်ထဲမှာ တရားမဝင် တင်သွင်းထားတယ်လို့ ယူဆရတဲ့ ဒရုန်းမော်ဒယ်ပေါင်းစုံ၊ စုစုပေါင်း အစီးရေ ၂,၅၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး ကာလတန်ဖိုးအားဖြင့် ဘတ် ၅ သန်းကျော် (မြန်မာကျပ်ငွေ သိန်း ၇၀၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။
ဆိုက်ဘာရာဇဝတ်မှု နှိမ်နင်းရေးဌာနခွဲ ၄ (CCID 4) ရဲ့ စုံစမ်းစစ်ဆေးမှုအရ အရောင်းကိုယ်စားလှယ် အုပ်စုတစ်စုဟာ ဒရုန်းတွေကို ပြည်ပကနေ တရားမဝင် ခိုးသွင်းပြီး ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနေတာကို သိရှိခဲ့ရတာပါ။

ထိုင်းနိုင်ငံ ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်ရေးကော်မရှင် (NBTC) အမှတ် (၁) နယ်မြေဟာ အွန်လိုင်းမှာ ဒရုန်းရောင်းနေတဲ့ ဆိုင်တွေရဲ့ အချက်အလက်တွေကို ကြိုတင်ရရှိထားတာဖြစ်ပြီး၊ အွန်လိုင်းပလက်ဖောင်းကြီးတွေနဲ့ ချိတ်ဆက်စုံစမ်းပြီးမှ အခုလို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
သိမ်းဆည်းရမိတဲ့ ဒရုန်းအားလုံးကို စစ်ဆေးဖို့ သိမ်းဆည်းထားပြီး၊ ဒီလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ကာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒီအမှုဟာ ၁၉၅၅ ခုနှစ် ရေဒီယိုဆက်သွယ်ရေးအက်ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေးပစ္စည်းတွေကို လက်ဝယ်ထားရှိမှု၊ တင်သွင်းမှု၊ ရောင်းချမှုတွေနဲ့ ငြိစွန်းနေပါတယ်။ ပြစ်ဒဏ်အနေနဲ့ ငွေဒဏ် ဘတ် ၁ သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
Khaosod သတင်းဌာနရဲ့ ဖော်ပြချက်အရ ရဲတပ်ဖွဲ့ဟာ အကောက်ခွန်ဥပဒေနဲ့လည်း အရေးယူဖို့ ပြင်ဆင်နေပါတယ်။ အကောက်ခွန်လုပ်ထုံးလုပ်နည်းအတိုင်း မဆောင်ရွက်ဘဲ တင်သွင်းလာတဲ့ ပစ္စည်းတွေကို ဖုံးကွယ်တာ၊ ရောင်းချတာ၊ သယ်ယူတာနဲ့ ဝယ်ယူတာတွေဟာ ဥပဒေနဲ့ ငြိစွန်းနေလို့ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောပြချက်အရ အဆိုပါ ပစ္စည်းအများစုဟာ တရုတ်နိုင်ငံကနေ တင်သွင်းလာတာဖြစ်ပြီး ဂိုဒေါင်ဝန်ထမ်းတွေဟာ တရုတ်စကား ပြောနိုင်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေနိုင်တယ်လို့ သံသယရှိနေကြပြီး အဲဒီဒရုန်းတွေကို ဘယ်သူတွေဆီ ရောင်းချခဲ့သလဲဆိုတာကို စာရင်းဇယားတွေကနေတစ်ဆင့် ဆက်လက်ခြေရာခံသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒရုန်းဆိုတာ ဆက်သွယ်ရေးပစ္စည်း အမျိုးအစားထဲမှာ ပါဝင်တာကြောင့် NBTC ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း ဥပဒေကြောင်းအရ အရေးယူခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
Ref : The Thaiger
