သက်တံ့
၂၇. ၃. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက နိုင်ငံသားတွေကို အခြေချနေထိုင်ခွင့်ဗီဇာ (Immigrant Visa) ထုတ်ပေးခြင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ အခုလို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်တာဟာ “အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့ ထောက်ပံ့ထားတဲ့ အစိုးရရဲ့ လူမှုဝန်ထမ်းအကူအညီ (Public Assistance) တွေကို အလွန်အကျွံ ရယူသုံးစွဲမှုနှုန်း မြင့်မားနေတဲ့ နိုင်ငံတွေ” ကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဗီဇာလျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာတင်တာနဲ့ အင်တာဗျူးဖြေဆိုတာတွေကို ဆက်လက်လုပ်ဆောင်နိုင်ပေမဲ့ ဒီလိုရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာတော့ ဗီဇာအသစ် ထုတ်ပေးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီကန့်သတ်ချက်ထဲမှာ မပါဝင်တဲ့ အခြားနိုင်ငံတစ်ခုခုရဲ့ တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသားနှစ်မျိုး (Dual Nationals) တွေနဲ့ အမေရိကန်မိသားစုတွေက မွေးစားမယ့် ကလေးငယ်တွေအတွက်တော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးသွားမှာပါ။ ဒါ့အပြင် သမ္မတရဲ့ အမိန့်အမှတ် ၁၀၉၉၈ (Presidential Proclamation 10998) အရ နိုင်ငံတော်အကျိုးစီးပွားအတွက် အထူးလိုအပ်ချက်ရှိတဲ့ အမှုတွဲအချို့ကိုလည်း ခြွင်းချက်အနေနဲ့ ဗီဇာထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီမူဝါဒဟာ အန္တရာယ်ရှိနိုင်ခြေရှိတဲ့ နိုင်ငံတွေက လာရောက်အခြေချသူတွေအနေနဲ့ အမေရိကန်ရဲ့ လူမှုဖူလုံရေး အစီအစဉ်တွေအပေါ်မှာ တရားမဝင် မှီခိုတာမျိုး ဒါမှမဟုတ် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး (Public Charge) မဖြစ်စေဖို့အတွက် ပြန်လည်စစ်ဆေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖြစ်ပြီး၊ အမေရိကန်ကို လာရောက်အခြေချသူတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမှာဖြစ်သလို အမေရိကန်အခွန်ထမ်းတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူးလို့ အလေးပေး ပြောကြားထားပါတယ်။
ဗီဇာပိတ်ပင်ခံရတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံစာရင်းမှာ အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ အယ်လ်ဂျီးရီးယား၊ အန်တီဂွာနှင့် ဘာဘူဒါ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘဟားမား၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဘေးဒိုးစ်၊ ဘယ်လာရုစ်၊ ဘလိဇ်၊ ဘူတန်၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘရာဇီး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ကင်မရွန်း၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အိုင်ဗရီကို့စ်၊ ကျူးဘား၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒိုမီနီကာ၊ အီဂျစ်၊ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဂမ်ဘီယာ၊ ဂျော်ဂျီယာ၊ ဂါနာ၊ ဂရီနေဒါ၊ ဂွါတီမာလာ၊ ဂီနီ၊ ဟေတီ၊ အီရန်၊ အီရတ်၊ ဂျမေကာ၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မော်လ်ဒိုဗာ၊ မွန်ဂိုလီးယား၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နီပေါ၊ နီကာရာဂွါ၊ နိုင်ဂျီးရီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ ပါကစ္စတန်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ရုရှား၊ ရဝမ်ဒါ၊ စိန့်ကစ်နှင့် နေးဗစ်၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့်နှင့် ဂရီနေဒင်း၊ ဆီနီဂေါ၊ ဆီရာလီယွန်၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ တန်ဇန်းနီးယား၊ ထိုင်း၊ တိုဂို၊ တူနီးရှား၊ ယူဂန္ဓာ၊ ဥရုဂွေး၊ ဥဇဘက်ကစ္စတန်နဲ့ ယီမင်နိုင်ငံတို့ ပါဝင်ပါတယ်။
ဒီပိတ်ပင်မှုဟာ “မိသားစုခေါ်စာနဲ့ စောင့်နေသူတွေ”၊ “အလုပ်နဲ့သွားမယ့်သူတွေ” နဲ့ “ဒီဗီ ပေါက်ထားသူတွေ” အတွက် အဓိက သက်ရောက်မှုရှိသွားမှာဖြစ်ပြီး အမေရိကန်သံရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေအနေနဲ့ ခြွင်းချက်ခံစားခွင့် ရှိ၊ မရှိ ပြန်လည်စစ်ဆေးဖို့နဲ့ နောက်ဆုံးရသတင်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
Ref : Khaosod
