◾️ တစ်လအတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၂,၀၀၀ မှ ၂,၅၀၀ ကြားနှင့် ဒီဇယ်တစ်လီတာ ကျပ် ၂,၈၀၀ မှ ၃,၂၀၀ ကျော်အထိမြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ
၂၇. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ပြီး ဓာတ်ဆီတစ်လီတာ ကျပ် ၄,၉၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၆,၀၀၀ ကျော်အအထိ ခုန်တက်လာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ယခုတစ်ပတ်အတွက် ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။
ကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိရာ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများစတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၄၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၄၈၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၈၄၅ ကျပ်ဖြစ်သည်။
မတ်လ ပထမအပတ်အတွင်းမှစတင်၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့ပြီး မတ်လ ၁၃ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၈၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၉၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၃,၂၀၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၅၆၀ ကျပ်သို့ မြင့်တက်လာခဲ့သည်။
ထို့နောက် စက်သုံးဆီဈေးနှုန်းများ သိသိသာသာ ထပ်မံမြင့်တက်လာ၍ မတ်လ ၂၀ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၃,၆၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၈၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄,၃၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄,၈၂၀ ကျပ်သို့ ရောက်ရှိလာခဲ့သည်။ တစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၇၈၀ မှ ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၂၀၀ ဝန်းကျင်အထိ မြင့်တက်လာခြင်းဖြစ်သည်။
မတ်လ ၂၇ ရက် (ယနေ့)တွင်မူ ဓာတ်ဆီ ၉၂ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄,၉၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၅,၄၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆,၀၈၅ ကျပ် ဖြစ်လာသောကြောင့် ပြီးခဲ့သည့်တစ်ပတ်ထက် ဓာတ်ဆီတစ်လီတာ ကျပ် ၈၄၀ မှ ကျပ် ၁,၁၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁,၀၀၀ ကျော်မှ ၁,၂၆၀ ကျော်အထိ ထပ်မံခုန်တက်ခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂,၀၀၀ ကျော် (၈၄ ရာခိုင်နှုန်းကျော်)၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂၅,၀၀ နီးပါး (၁၀၀ ရာခိုင်နှုန်းကျော်)၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂,၉၀၀ ခန့် (ရာခိုင်နှုန်း ၁၁၀ ကျော်)နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃,၂၀၀ ကျော် (ရာခိုင်နှုန်း ၁၁၀ ကျော်) မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။
