သက်တံ့
၂၅. ၃. ၂၀၂၆
ထိုင်းတရားရုံးတစ်ခုက ဝရမ်းထုတ်ခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ဒီနေ့ မတ်လ ၂၅ ရက်နေ့က စမွတ်စခွန်ခရိုင်မှာ ဖမ်းဆီးရမိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ တရားမဝင် အလုပ်သမားစုဆောင်းတဲ့ ဂိုဏ်းတွေကို နှိမ်နင်းရာမှာ ရရှိလာတဲ့ တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။
စမွတ်စခွန် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Sumet Jenwongphithak ၏ ပြောကြားချက်အရ အသက် ၃၈ နှစ်အရွယ်ရှိ မခင် ဆိုသူကို ခရိုင်အတွင်းရှိ တရားမဝင် အလုပ်သမားကွန်ရက်တစ်ခုကို ပစ်မှတ်ထား စစ်ဆင်ရေးလုပ်ဆောင်စဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
မခင်ဟာ စမွတ်စခွန်ခရိုင် တရားရုံးက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းအရ အလိုရှိနေသူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်ဖို့ စီစဉ်ပေးနေတဲ့ အဓိက အေးဂျင့် (Major Agent) တစ်ဦးအဖြစ် လုပ်ဆောင်နေကြောင်း သတင်းရရှိပြီးနောက် စုံစမ်းစစ်ဆေးသူတွေက ခြေရာခံဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူ မခင်ဟာ ငှားရမ်းထားတဲ့ အခန်းတွေ ဒါမှမဟုတ် အဆောက်အအုံတွေကို အကာအကွယ်ယူကာ အထောက်အထားမဲ့ အလုပ်သမား အမြောက်အမြားကို ဝှက်ထားလေ့ရှိသလို အဲ့ဒီအလုပ်သမားများစွာကို ခရိုင်အတွင်းရှိ လုပ်ငန်းခွင်တွေဆီ မပို့ဆောင်မီအထိ ဖုံးကွယ်ထားလေ့ရှိပါတယ်။
ရဲတပ်ဖွဲ့ပြောကြားချက်အရ သံသယရှိသူဟာ သူမအပေါ် စွပ်စွဲချက်တွေကို ဝန်ခံခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။ လက်ရှိမှာ သူမကို ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ စမွတ်စခွန်ခရိုင်က ခေါ့ခမ်ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ပါတယ်။
Ref : The Thaiger
