
၂၅.၂.၂၀၂၆
Translated by Htwe Ko Tun
ကမ္ဘာ့နိုင်ငံ အများအပြားကို စွမ်းအင်အကျပ်အတည်းနဲ့ ကြုံတွေ့စေခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ရဲ့ စစ်ပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်လည်းစစ်အင်အားသုံး အနိုင်ယူလို့ မရတဲ့အဆုံး စစ်ပွဲကိုအဆုံးသတ်ဖို့ အချက် ၁၅ ချက်ပါ အပစ်အခတ်ရပ်စဲရေးအဆိုပြုကမ်းလှမ်းချက်တစ်ရပ်ကို မတ်လ ၂၄ ရက်မှာ အီရန်အစိုးရထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အချက် ၁၅ ချက်ပါ အပစ်အခတ်ရပ်စဲရေးအဆိုပြုကမ်းလှမ်းချက်ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာ တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီအဆိုပြုချက်က အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးပျံတွေနဲက နျူကလီးယား အစီအစဉ်အပေါ် အလေးထားလိမ့်မယ်လို့ ယူဆရပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးနိုင်ငံရဲ့ Channel 12 သတင်းဌာနက အဆိုပြုချက်မှာ အောက်ပါအချက်တွေ အဓိကပါဝင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
အဆိုပြုချက်အရ နှစ်ဘက်သဘောတူညီချက်တစ်ရပ်ရရှိရေး တစ်လကြာဆွေးနွေးနေခိုက်မှာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးက ပြုလုပ်ထားရမှာပါ။အဆိုပြုချက်မှာ အမေရိကန်ဘက်က—
- အီရန်နျူကလီယားအစီအစဉ်ကို ရပ်ဆိုင်းဖို့၊
- အီရန်နိုင်ငံအတွင်း ယူရေနီယမ် သန့်စင်မှု ရပ်ဆိုင်းဖို့၊
- ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ရေး အာမခံဖို့၊
- အဆင့်မြင့်သန့်စင်ပြီး ယူရေနီယမ်တွေကို အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) လွှဲပြောင်းပေးဖို့၊
- ဖြိုဖျက်မှုပြုနေတဲ့ အီရန်နိုင်ငံတွင်းအဓိက နျူကလီးယားစက်ရုံတွေဖြစ်တဲ့ နာတန့်ဇ်၊ အစ်စဖာဟန်နဲ့ ဖောဒို တို့ကို IAEA အား အပြည့်အဝ ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့၊
- ဒေသဆိုင်ရာ ကိုယ်စားလှယ်လှုပ်ရှားမှုများမှ နုတ်ထွက်ပေးဖို့၊
- လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့နေမှု ရပ်ဆိုင်းဖို့၊
- ဒုံးကျည်တွေရဲ့ ပစ်ခတ်နိုင်စွမ်း အကွာအဝေးနဲ့ အရေအတွက် ကန့်သတ်ဖို့၊
- အနာဂတ်မှာ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အီရန်ရဲ့ ဒုံးကျည်သုံးစွဲမှု ကန့်သတ်ဖို့ ဆိုတဲ့ အချက်တွေကို အမေရိကန်က အဓိကထားဆွေးနွေးမယ်လို့ ယူဆရပါတယ်။
ဒီအဆိုပြုချက်ကို လက်ခံတဲ့အတွက် ထရမ့်ပ်က အပြန်အလှန်အနေနဲ့ အီရန်အပေါ်ပိတ်ဆို့မှုတွေ လုံးဝ ဖြေလျှော့ပေးရေး၊ ဘူရှ်အာ ဓာတ်အားပေးစက်ရုံအပါအဝင် အီရန်ရဲ့ အရပ်ဘက်နျူကလီးယားအစီအစဉ်ကို အထောက်အကူပေးရေး၊ အီရန်အပေါ် ကုလသမဂ္ဂမှ ပြုလုပ်ထားတဲ့ Snapback ပိတ်ဆို့မှုယန္တရားကို ဖယ်ရှားပေးဖို့ဆိုတာတွေကို လိုက်လျောလိမ့်မယ်လို့ သိရပါတယ်။
ဒါပေမယ့် အီရန်ကလည်း ထရမ့်ပ်ရဲ့ အဆိုပြုချက်အပေါ် လိုလိုလားလား လက်ခံမယ့် ပုံစံတော့မရှိ သေးပါဘူး။ သတင်းတွေအရ စစ်ပွဲရပ်ဆိုင်းဖို့ အီရန်က အချက်ငါးချက်တောင်းဆိုထားပါတယ်။ ဒါတွေက
၁။ နှစ်ဖက်စလုံးမှ အပစ်အခတ် ချက်ချင်းရပ်ဆိုင်း၍ စစ်ပွဲအဆုံးသတ်ဖို့၊
၂။ အမေရိကန်က နောင်တွင် အီရန်ကို စစ်ရေးတိုက်ခိုက်မှုမပြုရေးအာမခံဖို့၊
၃။ စစ်ပွဲအတွင်း ထိခိုက်ဆုံးရှုံးမှုတွေအတွက် ငွေကြေးလျော်ကြေးကို အမေရိကန်က ပေးဖို့၊
၄။ ဟော်မုဇ်ရေလက်ကြားကို တရားဝင်ထိန်းချုပ်မှု ရရှိဖို့နဲ့
၅။ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးပျံအစီအစဉ်အပေါ် ဆွေးနွေးမှု ဒါမှမဟုတ် ကန့်သတ်မှုတွေလုံးဝမပြုလုပ်ဖို့
တို့ပါပဲ။
နှစ်ဖက်လိုလားချက်တွေကိုကြည့်ပြန်ရင် ဆန့်ကျင်ဘက်တွေ ဖြစ်နေကြတာတွေ့ရပြန်တော့ စစ်ပွဲ ပြီး ဆုံးဖို့အတွက်က ဖြစ်နိုင်ပါ့မလား အားလျော့မိတယ်လို့ သုံးသပ်ရပါတယ်။
Ref- Hindustan Times
