



၂၅. ၃. ၂၀၂၆
Written by Thiri
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းမပေါ်ရှိ တိုက်တန်းလျားတွေရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ ကြက်ကင်ဆိုင်တစ်ဆိုင်ရဲ့ မျက်နှာကြက် ဆလတ်အမိုးပြားပြိုကျရာကနေ လမ်းသွားလမ်းလာတစ်ဦးနဲ့ ဆိုင်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိမှု ဒီနေ့ နေ့လယ်ခင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
မြေပြင်ရောက်ရှိခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” ကျောက်တံတား၊ ပန်းဘဲတန်း တစ်ဝိုက်က တိုက်တွေက တိုက်သက်တမ်း ၈၀ ကျော် ၁၀၀ ကြားတွေချည်းပဲ။ လမ်းသွားရင် Safety ဦးထုပ် ဆောင်းပြီး သွားရမယ်။ ခဏခဏလည်း အသေးစားပြိုကျမှု ဖြစ်တယ်။ လူတွေကလည်း မဖယ်ချင်၊ မပြင်နိုင်နဲ့ စည်ပင်ကူမှ ရတော့မယ်။ အန္တရာယ်များတယ်” လို့ MT News က ဖြစ်စဉ်ကို ဆက်သွယ်မေးမြန်းစဉ်မှာ ပြန်လည်ဖြေကြားပါတယ်။
ရန်ကုန်မြို့ Downtown ဧရိယာအတွင်းက အထပ်မြင့်တိုက်ခန်းအတော်တော်များဟာ နှစ် သက်တမ်းအားဖြင့် ၈၀ ပတ်ဝန်းကျင်နဲ့ အဲဒီအထက်ရှိတဲ့ သက်တမ်းရင့် တိုက်ခန်းတွေ ဖြစ်ကြပြီး ၂၀၁၃ ၊၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်ခန့် အချိန်ကာလဝန်းကျင်တွေတုန်းက မကြာခဏ သက်တမ်းရင့် တိုက်ပြိုကျမှု သတင်းတွေ ကြားခဲ့ရသလို လူထိခိုက် သေဆုံးတာတွေအထိ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း လူနေထိုင်ဖို့ မသင့်တဲ့ အထပ်မြင့်တိုက်တွေကို ညှိုနှိုင်းဖယ်ရှားတဲ့လုပ်ငန်းစဉ်တွေလည်း ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ-၈၁ (က)မှာ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခု သို့မဟုတ် ယင်း၏ အစိတ်အပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း သို့မဟုတ် လူနေထိုင်အသုံးပြုရန် သင့်လျော်ခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိလျှင် အဆိုပါ အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက်နေထိုင်ခြင်းမပြုရန် တားမြစ်နိုင်သည်။ တားမြစ်ခြင်းကို လိုက်နာခြင်း မရှိပါက ယင်းအဆောက်အအုံမှ ဖယ်ရှားခြင်း၊ ပြန်လည်ပြင်ဆင် တည်ဆောက်ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်းတို့ကို မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နိုင်သည်” လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီနေ့ မတ်လ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ ထိခိုက်ခဲ့တဲ့ ဆိုင်၀န်ထမ်းအမျိုးသားတစ်ဦးနဲ့ လမ်းလျှောက်ခရီးသွားအမျိုးသမီးတစ်ဦးတို့ကို အနီးအနားက ပြည်သူတွေကပဲ ဆေးရုံကြီးဆီ Taxi နဲ့ လိုက်လံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
