နေမိုး
၂၅. ၃. ၂၀၂၆
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ပဲခူး PDF များက လက်နက်မဲ့ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဒလန်တံဆိပ်ကပ် သတ်ဖြတ်ကာ ဆိုင်ကယ်လုယက်မှုပါ ကျူးလွန်သွားမှုဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မတ် ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုတောင်ရပ်ကွက်နေ ဒေါ်တင်တင်နု (၅၄) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF တစ်ဦး ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ထိုနေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဝက်လှကြီး ကျေးရွာနေ ဦးအောင်ကျော်မိုး (၄၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့်က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ရှိ ဆိုင်ကယ်တစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို KNU နှင့် PDF များက သတ်ဖြတ်မှုများပြားသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိမှု မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
