သက်တံ့
၂၅. ၃. ၂၀၂၆
ပြည်သူလူထုအကြား လက်ရှိ အသုံးပြုနေသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော ဖုန်းအတု Clone Handset များ သုံးနှစ်သာဆက်လက် သုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ဧပြီ ၁ ရက်မှ စတင်စိစစ်တွေရှိသော Clone ဖုန်းများကိုမူ အသုံးပြုခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ယနေ့ အသိပေးသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ ကာလအတွင်း CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် အလို အလျောက်ထည့်သွင်းနေစဉ် စစ်မှန်မှုနှင့် တည်ဆဲဥပဒေများအရ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း (Fake/ Clone Handset) များကိုလည်း စိစစ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။


ထိုသို့ စိစစ်တွေ့ရှိရသည့် စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း (Fake/ Clone Handset) များကို အများပြည်သူများ နစ်နာမှုမရှိစေရန်အတွက် ခြွင်းချက်အနေဖြင့် အသုံးပြုလျက်ရှိသည့် SIM Card Code No. (IMSI) နှင့် ယှဉ်တွဲ၍ CEIR စနစ်တွင် သိမ်းဆည်းသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ (၃) နှစ် ဆက်လက်အသုံးပြုခွင့် ပေးသွားမည်ဖြစ်သည်။
သို့ရာတွင် ၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ စိစစ်တွေ့ရှိသည့် စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း (Fake/Clone Handset) များကို CEIR စနစ်တွင် အမည်မည်းစာရင်း (Blacklist) ထည့်သွင်းပြီး မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွင် အသုံးပြုခွင့် တားဆီးပိတ်ပင်သွားမည်ဖြစ်သည်ဟု အသိပေးသည်။
အသေးစိတ်သိရှိလိုပါက အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://ceir.gov.mm ၌ ကြည့်ရှု ၍ဖြစ်စေ၊ CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်း၍ ဖြစ်စေ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

