ပုံစာ။ သတ်ဖြတ်အလောင်းဖျောက်ခံရသည့် အမျိုးသမီးငယ်နှင့် တရားခံဖမ်းမိမြင်ကွင်း (Photo - Credit)
သက်တံ့
၂၅. ၃. ၂၀၂၆
ချစ်သူဖြစ်သူ လာအိုအမျိုးသမီးငယ်အား သတ်ဖြတ်ကာ အလောင်းကို အပိုင်းပိုင်းဖြတ်၍ ပလတ်စတစ်အိတ်များဖြင့် စွန့်ပစ်ခဲ့သည်ဟု စွပ်စွဲခံထားရသော လာအိုအမျိုးသားတစ်ဦးကို အင်္ဂါနေ့ညနှောင်းပိုင်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ခိုင် (Nong Khai) ခရိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
ယမန်နေ့ အင်္ဂါနေ့ည ၈ နာရီခန့်က နွန်သဘူရီခရိုင်၊ ပက်ကရက် (Pak Kret) မြို့နယ်ရှိ ကျောင်းတစ်ကျောင်းအနီးတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ထည့်ထားသည့် အိတ် ၈ အိတ်ကို တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အိတ်တစ်အိတ်ကို ကျောင်းအဝင်ဝအနီးရှိ ပရာပါမြောင်းဘေးတွင် တွေ့ရှိခဲ့ပြီး ကျန်အိတ်များကို မီတာ ၁၀၀ ခန့်အကွာတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။


သေဆုံးသူ၏ အစ်ကိုဖြစ်သူက ရဲတပ်ဖွဲ့အား ပြောကြားရာတွင် အသက် ၂၀ အရွယ်ရှိ ၎င်း၏ညီမဖြစ်သူ ရမ် (Ram) သည် ဘန်ကောက်မြို့၊ သွန်းဆောင်ဟောင်နယ်မြေ၊ ချောင်ဝပ်သန (၁၄) လမ်းရှိ သံသယရှိသူအမျိုးသား၏ တိုက်ခန်းမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ CCTV မှတ်တမ်းများအရ အဆိုပါအမျိုးသမီးသည် အခန်းထဲမှ ပြန်လည်ထွက်ခွာသွားခြင်း မရှိသည်ကို တွေ့ရသည်။ ရဲတပ်ဖွဲ့သည် အင်္ဂါနေ့ညနေပိုင်းတွင် အဆိုပါအခန်းအား ဝင်ရောက်စစ်ဆေးခဲ့ရာ သွေးနံ့များရရှိခဲ့ပြီး သွေးကွက်များကိုလည်း တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူသည် ၎င်း၏ချစ်သူကို စနေနေ့တွင် ချွန်ဘူရီမှ ၎င်း၏တိုက်ခန်းသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့ညနေပိုင်းတွင် ရမ်သည် သူမ၏အစ်ကိုဖြစ်သူထံ ဖုန်းဆက်၍ အကူအညီတောင်းခံခဲ့သည်။ အစ်ကိုဖြစ်သူသည် အင်္ဂါနေ့ညနှောင်းပိုင်းတွင် အဆိုပါတိုက်ခန်းသို့ ရောက်ရှိလာခဲ့သော်လည်း သံသယရှိသူနှင့်သာ တွေ့ဆုံခဲ့ပြီး သံသယရှိသူက ၎င်းတို့နှစ်ဦး စကားများပြီးနောက် အမျိုးသမီးမှာ ထွက်ပြေးသွားပြီဖြစ်ကြောင်း လိမ်ညာပြောကြားခဲ့သည်။ သို့သော်လည်း လုံခြုံရေးကင်မရာ (Surveillance footage) မှတ်တမ်းများအရ တနင်္ဂနွေနေ့ နံနက်စောစောအချိန်တွင် သံသယရှိသူက အခန်းထဲသို့ ဝင်သွားသည်ကို တွေ့ရပြီး တနင်္ဂနွေနေ့ညတွင် အဆိုပါအမျိုးသားက အိတ်အမည်းတစ်လုံးနှင့်အတူ အပြင်သို့ ထွက်ခွာသွားသည်ကို တွေ့ရသည်။ ထို့ပြင် ထိုညနှောင်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ပြန်လာပြီး အိတ်အမည်းတစ်လုံးကို ထပ်မံသယ်ဆောင်လာသည်ကို တွေ့ရသလို၊ အင်္ဂါနေ့ နံနက်အစောပိုင်းတွင်လည်း အဆောက်အအုံရှေ့၌ အိတ်အမည်းများထည့်ထားသည့် ပလတ်စတစ်ပုံးအမည်းတစ်လုံးကို သယ်ဆောင်လာသည်ကို တွေ့ရသော်လည်း ရမ်က ပြန်ထွက်လာသည်ကိုမူ လုံးဝမတွေ့ရှိရပေ။


ထို့နောက် ရဲတပ်ဖွဲ့က ကျူးလွန်သူကို လိုက်လံစုံစမ်းရာ အသက် ၂၄ နှစ်အရွယ်ရှိ သံသယရှိသူ တွမ် (Tom) အား လာအိုနိုင်ငံသို့ ပြန်လည်ဖြတ်ကျော်ရန် ကြိုးပမ်းနေစဉ် နောင်ခိုင်ခရိုင်၌ ထွန်းဆောင်ဟောင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းက ရမ်ကို သတ်ဖြတ်ခဲ့ကြောင်း၊ အလောင်းကို အပိုင်းပိုင်းဖြတ်ကာ နွန်သဘူရီတွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သတင်းများက ဆိုသည်။
လာအိုနိုင်ငံ၊ ဆာဗန်နာခတ် (Savannakhet) ပြည်နယ်ဇာတိဖြစ်သူ သေဆုံးသူအမျိုးသမီးသည် စနေနေ့ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်သည်။ မြို့ပြရဲတပ်ဖွဲ့ တိုင်းခွဲ (၂) မှ ရဲမှူးကြီး Kiatikul Sonthinen က တရားခံကို ယနေ့ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်းတွင် နောင်ခိုင်မှ ဘန်ကောက်ရှိ ထွန်းဆောင်ဟောင်ရဲစခန်းသို့ ခေါ်ဆောင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : Bangkok Post


