၂၆. ၃.၂၀၂၆
Written by Thiri
Grab Pin ထောက်တာ နေရာလွဲရာက ခရီးသည်နဲ့ တက္ကစီယာဉ်မောင်းအချင်းများကြရင်း ထိုးကြိတ်မှူဖြစ်စဉ်ကို လူမှုကူညီရေးအသင်းက ကူညီဖြေရှင်းရဲလက်အပ်ပေးခဲ့တဲ့ ဖြစ်စဉ် မနေ့က မတ်လ ၂၄ ရက်နေ့ ညနေစောင်းအချိန်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်း အပေါ်ဘလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က အမျိုးသမီးမောင်းနှင်တဲ့ Grab တက္ကစီယာဉ်ကို အမျိုးသမီးငယ်နှစ်ဦး အမျိုးသားငယ်တစ်ဦး ပါဝင်တဲ့ ခရီးသည် သုံးဦးက တရုတ်တန်းကနေ တာမွေဘက်ကို ဝန်ဆောင်မှုယူခဲ့ရာ ခရီးသည် Pin ထောက်ထားတဲ့ နေရာနဲ့ ပို့ခိုင်းတဲ့နေရာ လွဲနေတာကြောင့် ဝန်ဆောင်ခကို ကျပ် ၁၅၀၀ ထပ်မံ အပိုဆောင်း တောင်းခံရာကနေ တက္ကစီယာဉ်မောင်းနဲ့ ခရီးသည်တို့ အချေအတင် စကားများကြပြီး ခရီးသည်အမျိုးသားငယ်က စတင်ထိုးကြိတ်တာကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထိခိုက် သွေးထွက်ဒဏ်ရာရရှိထားတဲ့ တက္ကစီယာဉ်မောင်းအမျိုးသမီးက လမ်းပေါ်ဖြတ်သန်းမောင်းနှင်နေတဲ့ လူနာတင်ယာဉ်ကို တားဆီးကာ အကူအညီတောင်းတာကြောင့် လင်းလက်လူမှုကူညီရေးအသင်းက ယာဉ်ရပ်တန့်ကူညီခဲ့တယ်လို့ သိရပါတယ်။
လင်းလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ပထမက ကားထဲကထွက်လာတဲ့ အမျိုးသမီးမျက်နှာမှာလည်း သွေးတွေနဲ့မို့ ယာဉ်မတော်တဆဖြစ်တာလား။ လုယက်တာလား။ စိတ်က ကြိုတွေးမိတာ။ နောက်မှ ပြဿနာကိုသိရတာ။ တက္ကစီယာဉ်မောင်းအမျိုးသမီးက မျက်မှန်နဲ့ဆိုတော့ သူ့မျက်နှာအထိုးခံရတဲ့အခါ မျက်မှန်ကွဲပြီး မျက်ခွံမှာစိုက်နေတာ။ မျက်လုံးထိခိုက်တာ ဘယ်လောက်အထိ ဖြစ်မလဲ မသိဘူး။ ထိုးတဲ့ကောင်လေးကလည်း လက်ကွဲပြီးသွေးတွေ ထွက်နေတာ။ သူတို့က မူးနေပြီး အုပ်စုလိုက် အော်လိုက် ဟစ်လိုက်နဲ့မို့ နယ်ထိန်းဆီ အကြောင်းကြားပေးပြီး ဆေးရုံကြီးလိုက်ပို့ခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အခုလို စက်သုံးဆီတွေခွဲဝေသုံးစွဲနေရချိန်မှာ TAXI တွေအနေနဲ့ အမျိုးသားနဲ့စာရင် အမျိုးသမီးယာဉ်မောင်းတွေက အားနည်းသူများဖြစ်တာမို့ ပိုမိုသတိထားဖို့လည်း လူမှုကူညီရေးအသင်းက အသိပေးထားပြီး လူပြတ်တဲ့နေရာတွေမှာ အခုလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့ပါက အန္တရာယ်ကြီးနိုင်ကြောင်းလည်း မှတ်ချက်ပြုထားပါတယ်။
