သတိုး
၂၅. ၃. ၂၀၂၆
လူမှုကွန်ရက် ပလက်ဖောင်းများစွာ ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကို ခုနစ်ပတ်နီးပါး ကြာမြင့်ခဲ့တဲ့ ရုံးတင်စစ်ဆေးမှုအပြီးမှာတော့ အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကို ဂျူရီအဖွဲ့ဟာ အင်္ဂါနေ့ (မတ် ၂၄ ရက်) က သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။ အဲ့ဒီ ဆုံးဖြတ်ချက်အရ Meta ကုမ္ပဏီဟာ ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေမှန်း သိလျက်နဲ့ လုပ်ဆောင်ခဲ့သလို၊ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး သိရှိထားတဲ့ အချက်အလက်တွေကိုလည်း ဖုံးကွယ်ထားခဲ့တယ်လို့ ဆိုခဲ့ပြီး ဒေါ်လာ ၃၇၅ သန်း နစ်နာကြေးပေးလျော်ဖို့ စီရင်ချက် ချမှတ်လိုက်ပါတယ်။
ဒီစီရင်ချက်ဟာ နည်းပညာကုမ္ပဏီကြီးတွေအပေါ် အစိုးရက ပြင်းပြင်းထန်ထန် အရေးယူတော့မယ့် လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
◾️ အကျိုးအမြတ်ကို ရှေ့တန်းတင်ခြင်း
လူမှုကွန်ရက်ပလက်ဖောင်းတွေဖြစ်တဲ့ Instagram, Facebook, Threads နဲ့ WhatsApp တို့ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ ဘေးကင်းလုံခြုံရေးထက် အကျိုးအမြတ်ကို ဦးစားပေးခဲ့ပြီး ပြည်နယ်ရဲ့ မတရားသော ကုန်သွယ်မှုဆိုင်ရာ ဥပဒေ (Unfair Practices Act) ကို ချိုးဖောက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။
ဂျူရီလူကြီးတွေကလည်း Meta ဟာ လိမ်လည်လှည့်ဖျားတဲ့ ထုတ်ပြန်ချက်တွေ လုပ်ခဲ့သလို၊ ကလေးသူငယ်တွေရဲ့ အတွေ့အကြုံမရှိမှုနဲ့ ထိခိုက်လွယ်မှုကို အခွင့်ကောင်းယူတဲ့ “မတရားသော” ကုန်သွယ်မှုတွေကို လုပ်ဆောင်ခဲ့တယ်ဆိုတာကို သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
◾️ ဒဏ်ကြေးငွေ မည်မျှပေးဆောင်ရမည်နည်း
Meta ဟာ ချိုးဖောက်မှုပေါင်း ထောင်ချီရှိနေတာကို ဂျူရီလူကြီးတွေက တွေ့ရှိခဲ့ပြီး ချိုးဖောက်မှု တစ်ခုချင်းစီအတွက် ဒဏ်ကြေးသတ်မှတ်ရာမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇၅ သန်း ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ အစိုးရရှေ့နေတွေ တောင်းဆိုထားတဲ့ ပမာဏရဲ့ ငါးပုံတစ်ပုံအောက်သာ ရှိပါသေးတယ်။
ဂျူရီလူကြီးတစ်ဦးဖြစ်သူ အသက် ၃၈ နှစ်အရွယ် လင်ဒါပတ်တန်က ပြောကြားရာမှာတော့ – ချိုးဖောက်မှုတစ်ခုအတွက် အမြင့်ဆုံးဒဏ်ကြေးဖြစ်တဲ့ ဒေါ်လာ ၅,၀၀၀ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကလေးတစ်ယောက်ချင်းစီရဲ့ တန်ဖိုးဟာ ဒီအမြင့်ဆုံး ဒဏ်ကြေးနဲ့ ထိုက်တန်တယ်လို့ သူမက ယူဆကြောင်း ပြောပါတယ်။
◾️ Meta ဘက်က ဘာတွေပြောင်းလဲသွားမလဲ
ဒီစီရင်ချက်ကြောင့် Meta အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ချက်ချင်းကြီး ပြောင်းလဲပစ်ဖို့တော့ ဖိအားမရှိသေးပါဘူး။ Meta ရဲ့ ပလက်ဖောင်းတွေဟာ အများပြည်သူအတွက် အနှောင့်အယှက် (Public nuisance) ဖြစ်စေသလားနဲ့ ထိခိုက်မှုတွေကို ကုစားဖို့ အစီအစဉ်တွေအတွက် ကုမ္ပဏီက ငွေကြေးစိုက်ထုတ်ပေးသင့်သလား ဆိုတာကိုတော့ တရားသူကြီးကသာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မေလမှာ ဆက်လက်စစ်ဆေးမယ့် ဒုတိယအဆင့်မှာလည်း နစ်နာကြေးတွေ ထပ်မံတောင်းခံထားပြီး Meta ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူ့အဖွဲ့အစည်းမှာ ဘယ်လောက်ထိ ထိခိုက်သွားလဲဆိုတာကို တရားသူကြီးက စစ်ဆေးမှာပါ။ ဒါ့အပြင် ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေကို ကုသပေးဖို့၊ အသိပညာပေးဖို့နဲ့ ပြန်လည်ကုစားဖို့အတွက် Meta ဘက်ကနေ သီးသန့်ငွေကြေး ထပ်မံစိုက်ထုတ်ပေးဖို့ Abatement Fund (ကုစားရေး ရန်ပုံငွေ) ကို အစိုးရရှေ့နေတွေက တောင်းဆိုသွားမှာ ဖြစ်တာကြောင့် လက်ရှိ ဒဏ်ကြေး ဒေါ်လာ ၃၇၅ သန်းအပြင် နောက်ထပ်ပေးရမယ့် ပမာဏတွေ ရှိလာနိုင်ပါသေးတယ်။
Meta ပြောရေးဆိုခွင့်ရှိသူကတော့ ဒီစီရင်ချက်ကို သဘောမတူကြောင်းနဲ့ အယူခံဝင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ ပလက်ဖောင်းပေါ်မှာ လူတွေ ဘေးကင်းဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ဆိုးရွားတဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ စိန်ခေါ်မှုတွေ ရှိနေတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပါ” လို့ Meta တာဝန်ရှိသူက ဆိုပါတယ်။
◾️ အခြားသော တရားစွဲဆိုမှုများ
နယူးမက္ကဆီကိုရဲ့ အမှုဟာ လူမှုကွန်ရက်တွေက ကလေးတွေအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ အမှုပေါင်းများစွာထဲက ပထမဆုံး ရုံးတင်စစ်ဆေးတဲ့ အမှုတစ်ခု ဖြစ်ပါတယ်။ ပြည်နယ်ပေါင်း ၄၀ ကျော်က ရှေ့နေချုပ်တွေဟာ Meta ကို တရားစွဲဆိုထားကြပြီး၊ Instagram နဲ့ Facebook ရဲ့ လုပ်ဆောင်ချက်တွေကို စွဲလမ်းစေအောင် တမင်တကာ ပုံဖော်ဖန်တီးထားတာကြောင့် လူငယ်တွေကြားမှာ စိတ်ကျန်းမာရေး အကျပ်အတည်း ဖြစ်ပေါ်စေတယ်လို့ စွပ်စွဲထားကြပါတယ်။
Meta ကို နယူးမက္ကဆီကို ရှေ့နေချုပ် ရာအူးလ်တောရက်ဇ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး အေးဂျင့်တွေက ကလေးငယ်တွေအသွင် ဟန်ဆောင်ကာ လူမှုကွန်ရက် အကောင့်တွေဖွင့်ပြီး လိင်ပိုင်းဆိုင်ရာ ချဉ်းကပ်ခံရမှုတွေကို မှတ်တမ်းတင်ကာ စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဒီတရားစွဲဆိုမှုထဲမှာ ချိုးဖောက်မှု အမျိုးအစားပေါင်းများစွာ ပါဝင်ပါတယ်။ ဂျူရီလူကြီးတွေက ဆုံးဖြတ်ခဲ့တာကတော့ Meta ဟာ ပြည်နယ်ရဲ့ မတရားသော ကုန်သွယ်မှုဥပဒေ (Unfair Practices Act) ကို ချိုးဖောက်မှုပေါင်း ၇၅,၀၀၀ ရှိတယ်လို့ သတ်မှတ်ခဲ့တာပါ။ အဲ့ဒီအထဲမှာ ကလေးသူငယ်တွေရဲ့ ထိခိုက်လွယ်မှုကို အခွင့်ကောင်းယူတာ၊ လိမ်လည်လှည့်ဖျားတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာ စတဲ့အချက်တွေ အားလုံး ပါဝင်ပါတယ်။
◾️ ဂျူရီလူကြီးများ ဘာတွေကို စစ်ဆေးခဲ့သလဲ
ရုံးတင်စစ်ဆေးစဉ်အတွင်း ဂျူရီလူကြီးတွေဟာ Meta ရဲ့ အတွင်းရေး အပေးအယူစာတွေ၊ အစီရင်ခံစာတွေ၊ အမှုဆောင်တွေရဲ့ ထွက်ဆိုချက်တွေနဲ့ ကုမ္ပဏီက ထွက်သွားတဲ့ Whistleblowers (အတွင်းသတင်းပေးသူများ) ရဲ့ ထွက်ဆိုချက်တွေကို နားထောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ကျောင်းတွေမှာ လူမှုကွန်ရက်ကြောင့် ဖြစ်ပေါ်လာတဲ့ နှောင့်ယှက်မှုတွေ၊ ကလေးတွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ငွေတောင်းခံမှု (Sextortion) တွေနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေရဲ့ ထွက်ဆိုချက်တွေကိုလည်း ကြားနာခဲ့ရပါတယ်။ အသက် ၁၃ နှစ်အောက် ကလေးတွေကို အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ စည်းကမ်းကို Meta က ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်တာနဲ့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဆိုင်ရာ အကြောင်းအရာတွေ ပျံ့နှံ့နေတာတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။
လူမှုကွန်ရက်ကြောင့် သားသမီးတွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုများအဖွဲ့ (ParentsSOS) ကတော့ ဒီစီရင်ချက်ဟာ နည်းပညာကုမ္ပဏီကြီးတွေကို တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ “အရေးပါတဲ့ မှတ်တိုင်တစ်ခု” ဖြစ်တယ်လို့ ကြိုဆိုခဲ့ကြပါတယ်။
Ref : AP Via Deccan Chronicle
