နေမိုး
၂၅. ၃. ၂၀၂၆
နေအိမ်တွင် ရှိနေသည့် လက်နက်မဲ့အုပ်ချုပ်ရေးမှူးအမျိုးသားတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် PDF ငါးဦးက ပစ်ခတ်သတ်ဖြတ်မှု တောင်ငူမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ ပဲခူး PDF များနှင့် အကြမ်းဖက် KNU တို့၏ ပူးပေါင်း ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ မတ် ၂၂ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရွှေမင်းဝံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှကြည်(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ငါးဦးခန့်က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို KNU နှင့် PDF များက သတ်ဖြတ်မှုများပြားသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိမှု မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
