◾️ မူလဈေးနှုန်းထက် ကျပ် ၈၀,၀၀၀ မှ ကျပ် ၉၀,၀၀၀ ကြား (နှစ်ဆကျော်) ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းကျော်အထိ ခုန်တက်
၂၅. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီအခက်အခဲကြောင့်ဟုဆိုကာ ချောင်းသာ/ငွေဆောင် အသွားအပြန်ခရီးစဉ်များ လက်မှတ်ဈေးနှုန်း လက်ရှိတွင် ကျပ် ၁၀၀,၀၀၀ အထိနှင့် သင်္ကြန်တွင်းကာလများအတွက် ကျပ် ၁၅၀,၀၀၀ အထိ ကြိုတင်ဈေးနှုန်းခုန်တက်နေကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းများမှ သိရသည်။
အဆိုပါ ချောင်းသာ/ငွေဆောင်ခရီးစဉ်များသည် အရှေ့အလယ်ပိုင်းပဋိပက္ခများ မဖြစ်ပွားမီကာလဖြစ်သည့် ဖေဖော်ဝါရီလတွင်း၌ ယာဉ်လိုင်းပေါ်မူတည်၍ အသွားအပြန်ခရီးစဉ် တစ်ဦးလျှင် ပုံမှန်ဈေးနှုန်း ကျပ် ၄၀,၀၀၀ မှ ၆၀,၀၀၀ နှင့် ရုံးပိတ်ရက်များတွင် ပုံမှန်ဈေးနှုန်းထက် ကျပ် ၁၀,၀၀၀ ပိုယူကာ အများဆုံး ကျပ် ၅၀,၀၀၀ မှ ကျပ် ၇၀,၀၀၀ သာရှိခဲ့သည်။

“အခုရက်ပိုင်းကတော့ ချောင်းသာ/ငွေဆောင်က အသွားအပြန် တစ်ဦးကို တစ်သိန်းပါ။ သင်္ကြန်ရက်အတွက်ဆိုရင်တော့ ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ သင်္ကြန်ရက်အတွက်ဆိုရင်တော့ ၁၂၀,၀၀၀ ပါ” ဟု ရန်ကုန်အခြေစိုက် ခရီးသွားယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ချောင်း/ငွေဆောင်ခရီးစဉ်များသည် အသွားအပြန်ခရီးစဉ် တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀ အထိ တိုးမြှင့်ကောက်ခံနေပြီး သင်္ကြန်ရက်များအတွက်ကိုမူ ကြိုတင်လက်မှတ်မှာယူပါက တစ်ဦးလျှင် ယာဉ်လိုင်းအပေါ်မူတည်၍ ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
ချောင်းသာ/ငွေဆောင်ခရီးစဉ်များသည် လက်ရှိအချိန်တွင်မူ VIP ကားလက်မှတ်ဈေးနှုန်း အသွားအပြန်ခရီးစဉ် တစ်ဦးလျှင် ကျပ် ၁၄၀,၀၀၀ နှင့် VVIP Alphard ကားခဈေးနှုန်း အသွားအပြန်ခရီးစဉ် တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ အထိမြင့်တက်နေခြင်းဖြစ်သည်။
ထို့ကြောင့် ချောင်းသာ/ငွေဆောင် ပုံမှန်ကားလက်မှတ်ဈေးနှုန်းများသည် စက်သုံးဆီအခက်အခဲမဖြစ်ပေါ်မီကာလ ဖေဖော်ဝါရီလအလယ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၈၀,၀၀၀ မှ ၉၀,၀၀၀ ကြား (နှစ်ဆကျော်) ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းကျော်အထိ ခုန်တက်လာခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လက်မှတ်ခနှုန်းထားများ ထပ်တိုးကောက်ခံမှုအပေါ် အဆင်မပြေပါက ပြန်အမ်းငွေများ အပြည့်အဝပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းခရီးသွားယာဉ်လိုင်းများ၏ ၎င်းတို့၏ တရားဝင်လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

