◾ သမ္မတ ထရမ့်ပ်က အီရန်အစိုးရအပြောင်းအလဲကြောင့် အမေရိကန်က စစ်ပွဲမှာ အနိုင်ရဟုပြော
◾ အီရန်စစ်ဖက်က ထရမ့်ပ်အား ကိုယ့်ဟာကိုယ် ညှိနှိုင်းဆွေးနွေးနေသလောဟု သရော်
၂၅.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က မတ်လ ၂၄ ရက်က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ပွဲတစ်ခုမှာ “အီရန်ဘက်က နျူကလီးယားလက်နက် ဘယ်တော့မှ ပိုင်ဆိုင်မှုမရှိစေရဘူးလို့ သဘောတူထားတယ်လို့ ပြောခဲ့သလို ဒါဟာလည်း အီရန်အစိုးရအပြောင်းအလဲကြောင့်လို့ပြောနိုင်ပြီး အမေရိကန်အတွက် စစ်ပွဲမှာ အနိုင်ရပြီ”လို့ ဆက်လက်ပြောသွားပါတယ်။
ထရမ့်ပ်က သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေဟာ အီရန်နဲ့ ညှိနှိုင်းနေတယ်လို့လည်း ပြောခဲ့ပြီး အီရန်က သူ့ကို ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ ဆက်စပ်တဲ့ လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ တခြားပဋိပက္ခတွေမှာပြုလုပ်ခဲ့သလိုပဲ အီရန်စစ်ပွဲကိုအဆုံးသတ်ဖို့ အချက် ၁၅ ချက်ပါ အဆိုပြုချက်တစ်ခုကို တင်ပြထားတယ်လို့ သတင်းတွေကလည်း ထွက်ပေါ်လာပါတယ်။
အဆိုပါအစီအစဉ်ကို ပါကစ္စတန်နိုင်ငံက ကြားခံအဖြစ်ဆောင်ရွက်ပြီး အီရန်သို့ တင်ပြခဲ့ကာ အမေရိကန်နဲ့ အီရန်အကြား ပြန်လည်ညှိနှိုင်းမှုတွေကို လက်ခံကျင်းပဖို့လည်း ကမ်းလှမ်းခဲ့တာပါ။ အစီအစဉ်ကို အီရန်အရာရှိတွေဆီ မတ်လ ၂၄ ရက်အစောပိုင်းမှာ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် အီရန်စစ်ဖက်ကတော့ ထရမ့်ပ်က စစ်ပွဲမှာအနိုင်ရပြီလို့ပြောကြားချက်နဲ့ စစ်ပွဲအဆုံးသတ်ဖို့ အီရန်နဲ့ ညှိနှိုင်းနေတယ်ဆိုတာကို ထရမ့်ပ်အနေနဲ့ မိမိတစ်ဦးတည်း ညှိနှိုင်းဆွေးနွေးနေသလားလို့ ပြက်ရယ်ပြုခဲ့ပါတယ်။
အမေရိကန်စစ်တပ်က ဒေသတွင်းရှိ တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့်ကို အင်အားဖြည့်ဖို့ အနည်းဆုံး တပ်ဖွဲ့ဝင် ၁,၀၀၀ ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် ထရမ့်ပ်အစိုးရက အီရန်ကို အချက် ၁၅ ချက်ပါ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ကမ်းလှမ်းခဲ့တာပါပဲ။
ဒါပေမယ့် ဒီမတိုင်ခင်မှာတော့ အီရန်က လုံးဝအောင်ပွဲရတဲ့အထိ စစ်ပွဲကိုတိုက်သွားမှာဖြစ်ပြီး ထရမ်ပ်ပြောခဲ့တဲ့ နှစ်နိုင်ငံကြား ကောင်းမွန်ပြီးအကျိုးရှိတဲ့ ဆွေးနွေးပွဲတွေလုပ်နေတယ်ဆိုတာလည်း သတင်းတု သတင်းယောင်သာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်က စစ်ပွဲပြီးဆုံးပြီး ငြိမ်းချမ်းရေးအတွက်ပြောနေပေမယ့် တစ်ချိန်တည်းမှာ အမေရိကန်ဟာ အရှေ့ အလယ်ပိုင်းဒေသကို လေကြောင်းချီတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် စေလွှတ်နေဆဲ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အီရန်နဲ့အစ္စရေးတို့ကြားမှာလည်း အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေသေးပြီး အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေအပေါ်တိုက်ခိုက်ဖို့ ခြိမ်းခြောက်ထားမှုကို ထရမ့်ပ်က ငါးရက်ရွှေ့ဆိုင်းလိုက်တာက အမေရိကန်သမ္မတအနေနဲ့ မြင့်တက်လာနေတဲ့ ရေနံဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာလားလို့ သံသယရှိဖွယ်လည်း ဖြစ်နေရပါတယ်။
Ref-Sky News, AP
