၂၅.၃.၂၀၂၆
Written By Thandar
Triple Six Production က ပုဂံမြို့ရဲ့ အလှတရားတွေနဲ့အတူ ထူးခြားတဲ့ ဟာသဇာတ်လမ်းပုံစံ”အနွယ်တော်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို မတ်လ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဥဩက ဒီဇာတ်ကားမှာ မေသူဆိုတဲ့ ကာရိုက်တာကနေ ပါဝင်ထားပါတယ်။ ပုဂံမြို့က Guide ပေါ့။ ကက်ကက်ကိုလန်နေတဲ့ စွာတဲ့ Guide လေးလို့လည်း ပြောလို့ရပါတယ်။ ပုဂံဘုရားဖူးလာသူတွေကို ကိုယ်က ပုဂံဘုရားသမိုင်းတွေကို ဘာသာပြန်ရတာပေါ့နော်။ ဒီကားမှာ သရုပ်ဆောင်တွေလည်း အများကြီးပါတယ်။ Comedy ကားလေးမို့ အကုန်ကြည့်လို့ကောင်းတဲ့ ဟာသလေးတွေပါပါတယ်။ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေအကုန် သူ့ကာရိုက်တာနဲ့ သူ တော်တော်လေးပီပြင်ကြပါတယ်”လို့ သရုပ်ဆောင် ဥဩသံသာက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း သက်ဦးမောင်၊ ရိုက်ကွင်းဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)၊ တွဲဖက်ဒါရိုက်တာ အိ(အရုဏ်ဦး)နဲ့ နေလင်း၊ DOP သားကျော်၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုဂံရှုခင်းလှလှတွေမှာ အနုပညာရှင်တွေနဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ရှင်မွေလ၊ ခြူးလေး၊ ဝေလာရီ၊ ဥဩသံသာ၊ ဂျိုကာ၊ ဆင်မ၊ နေလင်း၊ ဝိုင်းဝိုင်းလည်၊ အောင်သီဟ စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“အနွယ်တော်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ ၂၇ ရက်နေ့မှစတင်ပြီး တစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတိုင်းမှာရုံတင်ပြသမှာဖြစ်ပါတယ်။
#MyintMyat #KyawKyawBo #ShinMweLa #ChueLay #WaiLarRi #OakAweThanThar
#အနွယ်တော်ရုပ်ရှင်ဇာတ်ကားကြီး
#triplesixproduction






