၂၅.၃.၂၀၂၆
Written by Linn Eain
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive-BEL) များဖြင့် အစားထိုး၍ မြို့ပတ်ရထားများစတင်ပြေးဆွဲခြင်း အခမ်းအနားကို ရန်ကုန်ဘူတာကြီး၊ အမှတ်(၁)စင်္ကြံတွင် မတ် ၂၅ ရက်၊ နံနက် ၇ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။



ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်းတစ်ခေါင်းကို လူစီးတွဲ ၄ တွဲနှင့် ဘရိတ်တွဲတစ်တွဲ ချိတ်ဆက်အသုံးပြု၍ ရန်ကုန်-တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ပတ်ခရီးစဉ်များကို ကနဦးပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် အစားထိုးပြေးဆွဲခြင်းကြောင့် တစ်ရက်လျှင် ဘဏ္ဍာငွေ ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်မည်ဖြစ်၍ တစ်လလျှင် ကျပ်ငွေ သိန်း ၁၈၀ ကျော် ကုန်ကျစရိတ်သက်သာနိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ဒီဇယ်ဆီ ၆၆ ဂါလံနှုန်းဖြင့် တစ်လအတွက် ဒီဇယ်ဆီ ၁၉၈၀ ဂါလံ လျှော့ချသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။



မြန်မာ့မီးရထားသည် လက်ရှိမြင်းကောင်ရေ (၁၃၀၀) အား ဒီဇယ်လျှပ်စစ်စက်ခေါင်း(၆)ခေါင်းကို မြင်းကောင်ရေ(၁၆၀၀)အား ဘက်ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်း (၆)ခေါင်း စုစုပေါင်း (၁၂)ခေါင်းကို ထုတ်လုပ်သွားမည်ဖြစ်သည်။
အဆိုပါ ထုတ်လုပ်ပြီးစီးသည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို နေပြည်တော်-မန္တလေး လမ်းပိုင်းတွင် လေအေးပေးစက်ပါ လေအိတ်အထူးအမြန်ရထားဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က စတင်၍ လည်းကောင်း၊ ပြင်ဦးလွင်-ဇီးပင်ကြီး တောင်ပေါ်လမ်းပိုင်း လူစီးရထားတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်ကစတင်၍လည်းကောင်း ပြေးဆွဲအသုံးပြုခဲ့ကြောင်း သိရသည်။


