၂၄.၃.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် မတ် ၂၄ ရက်၊ နံနက် ၁၀ နာရီက စတင်ကျင်းပလျက်ရှိပြီး လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ ပုဒ်မခွဲ (က)၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ပုဒ်မ ၂၄ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ တို့အရ မတ် ၂၃ ရက်က ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီကို ဖွဲ့စည်းရန် လျာထားကိုယ်စားလှယ်များကို ကြေညာခဲ့ပြီး ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ကြေညာခဲ့သည်။
ဆက်လက်၍ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရန် လျာထား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲစည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးအပ်ခဲ့ပြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး၊ ရေဦးမဲဆန္ဒနယ်မှ ဦးစိုးတင့်အောင်၊ နတ္တလင်းမဲဆန္ဒနယ်မှ ဦးတင့်လွင်၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဒေါက်တာ ထွန်းထွန်းဝင်း၊ ရွှေတောင်မဲဆန္ဒနယ်မှ ဦးတင်ရွှေ၊ ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ဦးသန့်ဇော်၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးဇော်မင်း၊ ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦး၊ တောင်ကြီးမဲဆန္ဒနယ်မှ နန်းကျင်း(ခေါ်)နန်းစိန်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ကျော်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းမြိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့ဖြင့် ဖွဲစည်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲဝင် ၁၅ ဦးဖြင့် ဖွဲစည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် အောင်မြေသာဇံမဲဆန္ဒနယ်မှ ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်တို့ကို တာဝန်ပေးအပ်ခဲ့ပြီး မိုးကောင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းအောင်၊ ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးတင့်ဆွေ၊ ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၊ ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ဒေါ်ခင်စောမူ၊ ရမည်းသင်းမဲဆန္ဒနယ်မှ ဦးညွန့်ဆောင်၊ မော်လမြိုင်ကျွန်းမဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်း၊ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးမြင့်စိုး၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသန်းရွှေ၊ ဆီဆိုင်မဲဆန္ဒနယ်မှ ခွန်လှသိန်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် စိုးညွန့်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ယမင်းအောင်တို့ဖြင့် ဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ကြောင်း သိရသည်။









