နေမိုး
၂၄. ၃. ၂၀၂၆
ယောလက်နက်ကိုင် YDF အဖွဲ့အတွင်းမှာ နှစ်ဖွဲ့ကွဲထွက်ပြီး အာဏာလုနေရင်း တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်ရာက ခွဲထွက်အဖွဲ့ဦးဆောင်တဲ့ ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ်တစ်ဦးသေသွားခဲ့သလို နှစ်ဦးဒဏ်ရာရမှု မတ် ၂၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။
YDF ဟာ ဗိုလ်ကြီးကောင်းကောင်းဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF မြေပြင် စစ်ဒေသရုံးနဲ့ မြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF ဗဟိုစစ်ရုံးချုပ်ဆိုပြီး နှစ်ဖွဲ့ ကွဲထွက်နေရာမှာ မြတ်သူရဲ့ လက်နက်အားကိုးနဲ့ ပြည်သူပိုင်ဆင်သုံးကောင် ရောင်းစားတာ၊ ကျွန်းသစ်ခိုးထုတ်တာ၊ တပ်တည်ထောင်စကတည်းက ဘဏ္ဍာငွေရှင်းတမ်းမထုတ်တာ၊ YDF တပ်ဖွဲ့ဝင် PDF တွေနဲ့ မိသားစုတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာအပြင် NUG ဩဇာခံ PDF တွေကိုပါ ဖမ်းဆီး နှိပ်စက်တာ၊ ကျေးရွာပကဖတွေကို လိမ်လည်ပြီး စစ်မှုထမ်းခိုင်းတာတွေကြောင့် ဗိုလ်ကြီးကောင်းကောင်းဦးဆောင်ပြီး ၂၀၂၅ ခုနှစ်ထဲမှာ ခွဲထွက်ခဲ့တာပါ။
ဒီလို ခွဲထွက်ပြီးတဲ့အချိန်မှာကို YDF မြတ်သူက ဂန့်ဂေါမြို့နယ်၊ သာကောင်းကျေးရွာ နှစ်တစ်ရာပြည့် ဘုရားပွဲကို အင်အား (၈၀) ခန့်သုံးပြီး ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာကို အကြောင်းမဲ့ (ပြဿနာတစ်စုံတစ်ရာမရှိဘဲ) ပစ်ခတ် ဖျက်ဆီးခဲ့တာနဲ့ သာကောင်းကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးကျော်လွင်ကို မတရားဖမ်းဆီးခဲ့ပြီး ဒီနေ့အချိန်ထိ တာဝန်ယူမှု မရှိတာ၊ မြတ်သူအောက်က ခေါင်းဆောင် သာပြည့် (ခေါ်) ရန်မျိုးအောင်ဟာ YDF မြေပြင်စစ်ဒေသရုံး မြေပုံအညွှန်းတွေ၊ ဂန့်ဂေါခရိုင်တပ်ရင်းတွေရဲ့ မြေပုံအညွှန်းတွေ၊ ဂန့်ဂေါခရိုင် ပကဖအဖွဲ့တွေရဲ့ လှုပ်ရှားမှုကို ဒရုန်းနဲ့ ကင်းထောက် ပစ်မှတ်တင်ထားခဲ့အပြင် သာပြည့်အောက်က နှစ်ယောက်ကပါ မြေပြင်စစ်ဒေသရုံးကို အတင်းဝင်လာတာကြောင့် သာပြည့်အပါ ၈ ဦးကို ရိုက်နှက်ခြင်းမရှိ ဖမ်းဆီးထားချိန် NUG ရဲ့ မကွေးတိုင်းစစ်ဌာနတိုင်းမှူး၊ SRA က BPLA ဆောင်းခနဲ့ YA က မင်းကျော်နဲ့ YRA က တစ်ယောက် သဘာပတိလုပ် ညှိနှိုင်းပေးတာကြောင့် သာပြည့်အပါ ရှစ်ဦးကို မြေပြင်စစ်ဒေသရုံးက ပြန်လွှတ်ပေးခဲ့တယ် ဆိုပါတယ်။
ဒီလို ညှိနှိုင်းမှုအရ ကျည်စမပစ်ဖို့ သဘာပတိတွေက တောင်းဆိုခဲ့သလို ကျည်ထွက်သူအရှုံးလို့ သတ်မှတ်ထားပေမဲ့ လက်နက်အပ်ဖို့ကိစ္စတွေအတွက် သဘာပတိတွေ မပြီးပြတ်တာကြောင့် မတ် ၂၂ ရက်မှာ ဗိုလ်ကြီးကောင်းကောင်းဟာ နောက်လိုက်အနည်းငယ်နဲ့ ရေမျက်နီရွာကို သားရှင်ပြုသွားချိန်မှာ YDF မြတ်သူပါ PDF ၂၅ ယောက်ခန့်က ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်လို့ မြေပြင်စစ်ဒေသရုံးက ဗိုလ်ကြီး ကောင်းကောင်း၊ တပ်ကြပ် စိုင်းဇော်ဝင်း သေပြီး တပ်ကြပ်ကြီး မျိုးအောင် (ကျောင်းဆရာ CDM ) နဲ့ ရဲဘော်မိုင်းပီးတို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရများစွာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြတ်သူဦးဆောင်တဲ့ YDF အဖွဲ့ဟာ လက်နက်ကိုင် ရမ်းကားနေလို ယောပြည်သူတွေ သတိထား သွားလာကြဖို့လည်း နှိုးဆော်ထားပါတယ်။
ဒီဖြစ်စဥ်ကို မြတ်သူရဲ့ YDF အဖွဲ့ကလည်း ဗိုလ်ကြီးကောင်းကောင်းဟာ ထောင်ဖောက်ပြေးတဲ့ ရာဇဝတ်သားဖြစ်ကြောင်း၊ ဒီနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ YDF တပ်မှူးသမိုင်းအပါ ၈ ဦးကို လမ်းပေါ်ကြိုးတုပ်ပြီး မျက်နှာကို ခြေထောက်နဲ့ကန်ကာ နှိပ်စက်ခဲ့ကြောင်း၊ အခင်းဖြစ်တဲ့နေ့ကလည်း ဗိုလ်ကြီးကောင်းကောင်းနဲ့ အဖွဲ့က YDF မြတ်သူလက်အောက်က နှစ်ယောက်ကို ဖမ်းသွားလို့ ကယ်ထုတ်ချိန် ဖြစ်တာဖြစ်ပြီး တစ်ယောက်ပဲ လွတ်သေးကြောင်း၊ YDF ခွဲထွက်အဖွဲ့ရောက်သွားတဲ့ PDF တွေကို မိဘက ထိန်းရင်ထိန်း မထိန်းရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်လာမှာဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။
ဒီလို နှစ်ဖွဲ့ကွဲပြီး အာဏာလုနေတဲ့အပြင် နိုင်ငံပိုင်ပစ္စည်းတွေခိုးထုတ်၊ ပြည်သူကိုနှိပ်စက်နေတဲ့ YDF နှစ်ဖွဲ့ကို ယောမြေ IDP ကွန်ရက်အပါအဝင် ယောပြည်သူတွေက ရွံရှာ ရှုတ်ချနေကြပါတယ်။







