၂၄ .၃ .၂၀၂၆
Written by Thiri
မူဆယ်မြို့က Spa တစ်ခုမှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုလို့ ပွဲစားကနေတစ်ဆင့် အလုပ်အကိုင်ချိတ်ဆက်ကာ လာရောက်လုပ်ကိုင်သူ အမျိုးသမီးငယ်သုံးဦးမှာ အမှန်တကယ် လုပ်ငန်းခွင်ဝင်ရတဲ့အခါ လိင်ဝန်ဆောင်မှုပါ ဖောက်သည်က တောင်းဆိုရင် ပေးရတဲ့ နေရာဖြစ်နေတာမို့ မလုပ်ကိုင်နိုင်တဲ့အတွက် မူဆယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေကို ချိတ်ဆက်အကူအညီတောင်းခံလို့ လူမှုကူညီရေးအသင်းက ပူးပေါင်းကူညီ ကယ်ထုတ်ပေးခဲ့ရတယ်လို့ လက်ဖက်ညွန့်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ အမျိုးသမီးငယ်သုံးဦးက နေပြည်တော်ကနေ မူဆယ်ကို Body Spa and Massage သီးသန့် အလုပ်အကိုင် လုပ်ကိုင်ရမယ်ဆိုတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ပွဲစားက စရိတ်ခံခေါ်ယူပေးလို့ လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အမှန်တကယ် ဒီကို ရောက်ရှိချိန်မှာတော့ လိင်ဝန်ဆောင်မှုပါ လိုအပ်ရင် လိုအပ်သလို ရောင်းဝယ်ဖောက်ကားတဲ့ နေရာဖြစ်နေတာမို့ မိမိတို့ကိုလည်း အဲဒီလို လုပ်ကိုင်ဖို့ အလုပ်ရှင်က မေးမြန်းလာတဲ့အတွက် မလုပ်လိုကြောင်း ပြောဆိုကာ အလုပ်ထွက်ဖို့ ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။
အလုပ်ရှင်ဘက်က အလုပ်ထွက်မယ်ဆိုပါက ၎င်း အကုန်အကျခံ ခေါ်ယူထားရတဲ့ ငွေကျပ် ၁၇၂၀၀၀၀ ကို ပြန်လည်တောင်းယူတာမို့ ပေးဆပ်ဖို့ မရှိတဲ့အခါ မူဆယ်မြို့ခံ မြင့်မြတ်ပါရမီအသင်းထံ မတ်လ ၂၂ ရက်နေ့ ညဦးပိုင်းမှာ အွန်လိုင်းပေါ်ကနေတစ်ဆင့် ဆက်သွယ်အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “မြင့်မြတ်ပါရမီက ဥက္ကဋ္ဌက မူဆယ်မှာ လောလောဆယ်ရှိမနေတော့ ကျွန်တော့်ကို အကျိုးအကြောင်းလှမ်းပြောပြီး သူ့အသင်းသားတွေနဲ့အတူတူ လိုက်ပါကူညီဖို့ ကျွန်တော့်အသင်းကို ချိတ်ဆက်အကူအညီတောင်းတာနဲ့ ကျွန်တော်လိုက်သွားပေးခဲ့တယ်။ ကောင်မလေးတွေက နေရာစိမ်းဖြစ်နေတာကြောင့် နေရပ်လည်းမသိတော့ နေရာကိုမညွှန်တတ်ဘူး။ အဲ့ဒါနဲ့ သူတို့ သူဌေးနဲ့ ကျွန်တော့်ကို ဖုန်းပေးပြောတယ်။ ဖုန်းပြောပြီးတော့ သူတို့နေရာသိပြီး ရောက်သွားတယ်ပေါ့။ မြင့်မြတ်ပါရမီအသင်းဥက္ကဋ္ဌက အဲ့ဒီမိန်းကလေးငယ် ၃ ဦးအတွက် ငွေ ၁၇၂၀၀၀၀ ကို ကေပေးနဲ့ လျော်ပေးလိုက်တယ်။ ကျွန်တော်တို့က မြေပြင်ကနေ ညသန်းခေါင်ကျော်ကြီးမှာပဲ လူသွားခေါ်လာလိုက်တယ်” လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါကယ်ဆယ်ခေါ်ယူလာတဲ့ အမျိုးသမီးငယ်တွေကို မြင့်မြတ်ပါရမီ အသင်းရုံးခန်းမှာ ခေတ္တ ခဏ တည်းခိုဖို့ ထားရှိစဉ် လူကုန်ကူမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သိရှိကာ အကျိုးအကြောင်းမေးမြန်းဖို့ ခေါ်ယူတာမို့ မိန်းကလေးငယ်တွေကို ကိုယ်တိုင်သွားရောက်ခေါ်ယူခဲ့တဲ့ လက်ဖက်ညွန့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာ သွားရောက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ရာ ရဲတပ်ဖွဲ့က လိုအပ်တာတွေမေးမြန်းပြီး အဆိုပါမိန်းကလေးငယ် သုံးဦးရဲ့ နောက်ဆက်တွဲ ကိစ္စ အဝဝ ကို ဆက်လက်တာဝန်ယူကာ မိဘလက်ထံ ဘေးကင်းစွာ ပြန်လည်ရောက်ရှိတဲ့အထိ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
