၂၄. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်ပမှ စက်သုံးဆီ ပိုမိုတင်သွင်းနိုင်ရေးအတွက် ဗဟိုဘဏ်မှ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ဒေါ်လာ ၄၅ သန်း ထပ်မံထုတ်ရောင်း၍ ယခုမတ်လအတွင်း ဒေါ်လာ ၁၄၁ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအခြေအနေများအရ ပြည်ပမှ ဆီပိုမိုတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်လိုအပ်ချက်အပေါ် အပြည့်အဝပံ့ပိုးပေးနိုင်ရန် မတ်လ ၂၃ ရက်နေ့တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ ၄၅ သန်းကို သက်ဆိုင်ရာ ဘဏ်များမှတစ်ဆင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဈေးကွက်လိုအပ်ချက်အရ FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၅၀ ကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း Online Trading Platform တွင် ဒေါ်လာသန်း ၂၆၀ ခန့်၊ ယွမ် ၁၀၃ သန်းကျော်၊ ဘတ်သန်း ၈၃၀ ခန့်နှင့် ရူပီး ၁၂ သန်းနီးပါး အရောင်းအဝယ်ပြုလုပ်ခဲ့သလို စက်သုံးဆီအတွက် သီးသန့်ဒေါ်လာ ၉၆ သန်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့ကြောင့် ယခုထပ်မံရောင်းချပေးသည့် ဒေါ်လာ ၄၅ သန်းအပါအဝင် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များသို့ စုစုပေါင်းဒေါ်လာ ၁၄၁ သန်း ရောင်းချပေးထားသည်။ ထို့အတူ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်အထိ ရောင်းချပေးထားပြီးဖြစ်သည်။


ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၃,၆၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၈၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄,၃၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄,၈၂၀ ကျပ် ဖြစ်လာသောကြောင့် ဓာတ်ဆီတစ်လီတာ ကျပ် ၇၈၀ မှ ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၂၀၀ ဝန်းကျင် မြင့်တက်လာခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ချိန်နှင့် နှိုင်းယှဉ်ပါက သုံးပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁,၁၀၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁,၃၀၀ ကျော် မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိနိုင်ငံတကာအခြေအနေအရ စက်သုံးဆီချွေတာရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်နေသော်လည်း မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် အစိုးရကူညီထောက်ပံ့မှုကြောင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်သည့်ဈေးနှုန်းသာ ရှိသေးသည်ဟု သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၁၄ ရက်တွင် ပြောကြားထားသည်။
