◾ အမေရိကန်သမ္မတ ထရမ့်ပ်က အီရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအား တိုက်ခိုက်ရန် ငါးရက် ရွှေ့ဆိုင်းဟုပြောကြား
၂၄.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အမေရိကန်အစိုးရဟာ အီရန်နဲ့ အကျိုးဖြစ်ထွန်းစေမယ့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မတ်လ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒီမတိုင်ခင် မတ်လ ၂၁ ရက်မှာ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်အနေနဲ့ ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်းပြန်ဖွင့်မပေးပါက အီရန်ရဲ့ လျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေကို ဖျက်ဆီးတိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားခဲ့တာပါ။
အမေရိကန်သမ္မတ ထရမ့်ပ်က အခုသီတင်းပတ်ကုန်မှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့အပြီး အမေရိကန်နဲ့ အီရန်အကြား သဘောတူညီချက် ၁၅ ချက်ရှိတယ်လို့ CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အီရန်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝပြန်ဖွင့်ခွင့်မပြုရင် တိုက်ခိုက်မယ်လို့ အစောပိုင်းက ခြိမ်းခြောက်မှုကိုလည်း ငါးရက်ကြာ ရွှေ့ဆိုင်းထားမယ်လို့ သူက ကြေညာခဲ့အပြီးမှာ ရေနံဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီရန်အစိုးရနဲ့ အမေရိကန်အကြား ဘာဆွေးနွေးမှုမှ မရှိဘူးလို့ ပြောခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ Fars သတင်းဌာနက အီရန်သတင်းရင်းမြစ်များမှလို့ ဖော်ပြထားတဲ့အရာကို ကိုးကားပြီး တယ်လ်အဗစ်မြို့နဲ့ အမေရိကန်နဲ့ အစ္စရေးရဲ့ ဒေသတွင်းမဟာမိတ်အချို့ကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားတဲ့ အလားအလာရှိတဲ့ အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ မတ်လ ၂၃ ရက်က ဆိုပါတယ်။
အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် မို့ဂျ်တာဘာခါမေနီရဲ့ အကြီးတန်းစစ်ရေးအကြံပေး မိုဆန်ရီ ဇာအီက အီရန်အစိုးရဟာ ပျက်စီးဆုံးရှုံးမှုတွေအတွက် အပြည့်အဝလျော်ကြေးရရှိတဲ့အထိ စစ်ပွဲဆက်လက်ဖြစ်ပွားနေမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
စစ်ပွဲစတင်ကတည်းက အီရန်နဲ့ လက်ဘနွန်မှာ သေဆုံးသူအရေအတွက်မှာ ယခုအခါ ထောင်ပေါင်းများစွာအထိ ရှိနေပြီဖြစ်ပါတယ်။
Ref- CNN
