သက်တံ့
၂၃. ၃. ၂၀၂၆
ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့ အာဏာပိုင်တွေဟာ မြန်မာနိုင်ငံဘက်ကို မှောင်ခိုပို့ဖို့ ပြင်ဆင်နေတဲ့ ဆီတင်ကားတစ်စီးပေါ်ကနေ ဒီဇယ်ဆီ လီတာပေါင်း ၂၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ Thai PBS သတင်းဌာနက ဒီမနက် ဖော်ပြပါတယ်။
မဲဆောက်မြို့က တာဝန်ရှိသူတွေဟာ စစ်တပ်၊ ရဲနဲ့ အကောက်ခွန်အရာရှိတွေ ပူးပေါင်းပြီး သာ့ဆိုင်းလွတ် (Tha Sai Luat) ရပ်ကွက်၊ မူး (၃)၊ ဘန်သာအတ် (Ban Tha Art) ရွာမှာဆီချဖို့ ပြင်ဆင်နေတဲ့ ဆီတင်ကားကို မတ် ၂၂ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့ကြချိန် ဖမ်းမိခဲ့တာပါ။
ဒီဖမ်းဆီးမှုဟာ ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်က ကာစီနိုရုံတွေရှိတဲ့နေရာကို ဒီဇယ်ဆီတွေ မှောင်ခိုပို့ဖို့ ပြင်ဆင်နေတဲ့ သင်္ကာမကင်းစရာ ကားတစ်စီးရှိနေကြောင်း ပြည်သူတွေရဲ့ သတင်းပေးချက်အရ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆီတင်ကားကို သောင်ရင်းမြစ်ကမ်းဘေးမှာ ရပ်ထားတာတွေ့ရပြီး စစ်ဆေးကြည့်တဲ့အခါ စုစုပေါင်း ဒီဇယ်လီတာ ၂၀,၀၀၀ ပါတဲ့ ဆီပေပါတွေကို တွေ့ရှိခဲ့ရပါတယ်။ ကားဒရိုင်ဘာနဲ့အတူ မြန်မာနိုင်ငံသားတစ်ယောက်ကိုလည်း ဖမ်းဆီးထားပြီး သူတို့က ဒီဆီတွေကို နယ်စပ်တစ်ဖက်ကမ်း ပို့ဖို့လုပ်နေတာပါလို့ ဝန်ခံထားကြပါတယ်။
ဒါ့အပြင် အရာရှိတွေဟာ အနီးအနားက ဂိုဒေါင်တစ်ခုကိုလည်း ဆက်လက်စစ်ဆေးခဲ့ရာမှာ ဒီဇယ်ဆီတွေ ထည့်ထားတဲ့ ပုံးတွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒီဖမ်းဆီးမှုဟာ ဒေသခံတွေရဲ့ သတင်းပေးချက်ကြောင့် ဖြစ်လာတာပါ။ ဒေသခံတွေ ပြောပြချက်အရ အခုတလော ဆီပြတ်လပ်မှုတွေ ကြုံနေရချိန်မှာ ဆီတင်ကားကြီး ဝင်လာတာကို မြင်တော့ ဆီဆိုင်တွေကို ဆီလာချပေးတာ ထင်ပြီး အားလုံးက ဝမ်းသာနေခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီကားဟာ ဆီဆိုင်တွေကို ကျော်သွားပြီး နယ်စပ်ဘက်ကိုပဲ ဦးတည်မောင်းသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆီဆိုင် ဒါမှမဟုတ် ဆီသိုလှောင်တဲ့နေရာမရှိတဲ့ မြစ်ကမ်းဘေးက လူသူကင်းဝေးတဲ့ နေရာမှာ ရပ်လိုက်တာကြောင့် ဒေသခံတွေက မသင်္ကာဖြစ်ပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ တက်ခ်ပြည်နယ်ထဲက နယ်စပ်မြို့ ၅ မြို့မှာ ဆီပြတ်လပ်မှုတွေ ကြုံနေရပြီး အထူးသဖြင့် မဲဆောက်မှာဆိုရင် ဆီဆိုင်တွေရှေ့မှာ ကားတန်းကြီးတွေ ကီလိုမီတာနဲ့ချီ ရှည်လျားနေပါတယ်။ ဆီဆိုင်တွေမှာလည်း ဆီရောက်လာပြီး နာရီပိုင်းအတွင်းတင် ဆီပြတ်သွားလေ့ရှိပါတယ်။
အာဏာပိုင်တွေရဲ့ ပြောပြချက်အရ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဆီအခက်အခဲ ဖြစ်နေတာကြောင့် နယ်စပ်ဒေသတွေဟာ မှောင်ခိုဂိုဏ်းတွေရဲ့ ပစ်မှတ် ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ချူဆက် ရူယင်း (Chusak Ruying) ကလည်း အခုလို တရားမဝင် လောင်စာဆီ မှောင်ခိုကူးမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့ ဌာနဆိုင်ရာအားလုံးကို ညွှန်ကြားထားပါတယ်။
Ref : Thai PBS
