၂၃.၃.၂၀၂၆
Written by Linn Eain
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် စတင်ဖွဲ့စည်းကြောင်း ယနေ့ မတ် ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီနှစ်ရပ်တွင် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒကျော်စွာ၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ် အောင်မြေသာစံမဲဆန္ဒနယ်မှ ဦးတေဇကျော်တို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။


ပြည်သူ့လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ ပုဒ်မခွဲ (က)၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ပုဒ်မ ၂၄ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ တို့အရ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက “ဒါ့အပြင် ၎င်းတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးများကိုလည်း ပြည်သူ့လွှတ်တော်က သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကော်မတီတစ်ခုချင်းစီမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် ကော်မတီဝင် ၁၅ ဦးစီနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒီကော်မတီလေးရပ် ဖွဲ့စည်းတဲ့အခါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များကို ရွေးချယ်သတ်မှတ် ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ကော်မတီလေးရပ်အနေနဲ့ လွှတ်တော်ကျင်းပချိန်မှာ လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လွှတ်တော်ကျင်းပချိန်မဟုတ်ရင် လွှတ်တော်ရဲ့ဥက္ကဋ္ဌကို တာဝန်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကော်မတီ ၄ ရပ်ရဲ့ သက်တမ်းဟာ လွှတ်တော်ရဲ့ သက်တမ်းနဲ့အညီ ၅ နှစ်ဖြစ်ပြီးတော့ ဥက္ကဋ္ဌအနေနဲ့ ကော်မတီရဲ့သက်တမ်း ပြည့်မြောက်တဲ့အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်ပါတယ်” ဟု ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လျာထားသည့် ကိုယ်စားလှယ်များမှာ ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးအပ်ခဲ့ပြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး၊ ရေဦးမဲဆန္ဒနယ်မှ ဦးစိုးတင့်အောင်၊ နတ္တလင်းမဲဆန္ဒနယ်မှ ဦးတင့်လွင်၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဒေါက်တာ ထွန်းထွန်းဝင်း၊ ရွှေတောင်မဲဆန္ဒနယ်မှ ဦးတင်ရွှေ၊ ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ဦးသန့်ဇော်၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးဇော်မင်း၊ ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦး၊ တောင်ကြီးမဲဆန္ဒနယ်မှ နန်းကျင်း(ခေါ်)နန်းစိန်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ကျော်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းမြိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့ကို ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။



ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လျာထားသည့် ကိုယ်စားလှယ်များမှာ ဥက္ကဋ္ဌအဖြစ် အောင်မြေသာဇံမဲဆန္ဒနယ်မှာ ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်တို့ကို တာဝန်ပေးအပ်ခဲ့ပြီး မိုးကောင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းအောင်၊ ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးတင့်ဆွေ၊ ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၊ ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ဒေါ်ခင်စောမူ၊ ရမည်းသင်းမဲဆန္ဒနယ်မှ ဦးညွန့်ဆောင်၊ မော်လမြိုင်ကျွန်းမဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်း၊ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးမြင့်စိုး၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသန်းရွှေ၊ ဆီဆိုင်မဲဆန္ဒနယ်မှ ခွန်လှသိန်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် စိုးညွန့်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ယမင်းအောင်တို့ကို ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ကြေညာခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အစည်းအဝေး တက်ရောက်ခွင့်ရှိသူ ၃၇၃ ဦးရှိသည့်အနက် အစည်းအဝေးသို့ ၃၇၁ ဦး တက်ရောက်သဖြင့် ၉၉ ဒသမ ၄၆ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို မတ် ၂၄ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ကြေညာခဲ့သည်။
