ပုံစာ- စားသုံးဆီတင်သင်္ဘောကြီး ရန်ကုန်မြို့ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့မှု
◾️ ရန်ကုန်တိုင်းအတွင်း စားအုန်းဆီအိမ်တိုင်ရာရောက် ရောင်းချပေးမှုကိုလည်း တစ်ပတ်ငါးရက်မှ တစ်ပတ်ခြောက်ရက်အထိ ရက်တိုးမြှင့် ရောင်းချပေးနေ
၂၃. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများ အချိန်မီဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ MT TIRTASARI အမည်ရှိ စားသုံးဆီတင်သင်္ဘောကြီးသည် ရန်ကုန်မြို့ (K.I.P Port) ဆိပ်ကမ်းသို့ သို မတ် ၂၁ ရက်ညပိုင်းက ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဆိုပါသင်္ဘောပေါ်တွင် ပါရှိသောဆီများ၏ အရည်အသွေးနှင့် အလေးချိန် တိကျမှန်ကန်မှုရှိစေရန်အတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး ကြီးကြပ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်များ၊ ကန်ကြီးကြပ်ရေးအဖွဲနှင့် MITS အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။



အဆိုပါ MT TIRTASARI သင်္ဘောသည် မတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီ ၅၄ မိနစ်တွင် ကုန်ချလုပ်ငန်းစဉ်များအားလုံး ပြီးစီးခဲ့ကြောင်းနှင့် ယခုကဲ့သို စနစ်တကျ စစ်ဆေးတင်သွင်းခြင်းကြောင့် ပြည်သူများထံသို့ အရည်အသွေးမီ စားသုံးဆီများကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီအိမ်တိုင်ရာရောက် ရောင်းချပေးမှုအား ယခင် တစ်ပတ် ငါးရက်ရောင်းချပေးရာမှ မတ်လ ၂၁ ရက်မှစတင်၍ တစ်ပတ်ခြောက်ရက်အထိ ရက်တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ အသိပေးကြေညာထားပြီးဖြစ်သည်။ တနင်္ဂနွေ တစ်ရက်သာ ရောင်းချမှုရပ်နားမည်ဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်သို့ စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာရရှိနိုင်ရန်နှင့် လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ စားအုန်းဆီအိမ်တိုင်ရာရောက် ရောင်းချဖြန့်ဖြူးခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ ရောင်းချရာတွင် အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ်လျှင် ၂ ပိဿာ ၅၀ ကျပ်သားနှုန်း (၅လီတာဘူး) အား ကျပ် ၂၂,၀၀၀ ကျော် (တစ်ပိဿာ ကျပ် ၉,၀၀၀ ခန့်) ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
