၂၃.၃.၂၀၂၆
Written by Thiri
မတ်လ ၂၃ ရက်နေ့က စပြီး ကျိုက်ထီးရိုးတောင်တက် ကားခ နှုန်းထားတွေကို မူလကထက် ကျပ် ၂၀၀၀ ပြောင်းလဲ တိုးမြှင့် ကောက်ခံလိုက်ပြီဖြစ်တယ်လို့ ကျိုက်ထီးရိုးတောင်တက်ကားအသင်း တာဝန်ရှိသူထံက သိရပါတယ်။
စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ကျိုက်ထီးရိုးတောင်တက်ကားခဈေးနှုန်းကို ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပြီး အရင်က ကားခေါင်းခန်းကို တစ်ဦးလျှင် ကျပ် ၉၀၀၀ ကောက်ခံရာကနေ အခု ၁၁၀၀၀ ကျပ် ပြောင်းလဲကောက်ခံသလို ကားနောက်ခန်းဈေးနှုန်းက တစ်ဦးလျှင် ကျပ် ၇၀၀၀ ကနေ ကျပ် ၉၀၀၀ ကို ပြောင်းလဲကောက်ခံတာဖြစ်ပါတယ်။
ကျိုက်ထီးရိုးတောင်တက်ကားအသင်း တာဝန်ရှိသူ ဦးစိုးကျော်က “ကျွန်တော်တို့က ခေါက်တိုပြေးတဲ့ကားတွေမို့ ဆီကိုလည်း ကင်ပွန်းစခန်းတောင်ခြေက ဆီဆိုင်မှာပဲ ဖြည့်တာပါ။ အဲ့ဒီဆိုင်ကလည်း နေ့စဉ် ဖြည့်ပေးနေလို့ ဆီအခက်အခဲတော့ မရှိပါဘူး။ ဈေးတက်တာနဲ့ ရောင်းချိန် သတ်မှတ်ချက်ကြောင့်သာ တစ်ခါတလေ နှစ်ရက်တစ်ခါမှ ဖြည့်ရတာမျိုးပါ။ ဘုရားဖူးသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမို့ များများစားစားလည်း တက်လို့မရပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကျိုက်ထို – ရန်ကုန် ခရီးသည်တင်ယာဉ်စီးခ နှုန်းထားတွေလည်း အပြောင်းအလဲရှိတယ်လို့ သိရပြီး ရန်ကုန် – ကျိုက်ထို ရိုးရိုး ခရီးသည်တင်ယာဉ် လက်မှတ်ခနှုန်းထားက တစ်ဦးကို ကျပ်၂၈၀၀၀၊ ၃၀၀၀၀ ကျပ်နဲ့ အထူးကားက ကျပ် ၄၅၀၀၀ လို့ သိရပါတယ်။ အရင်ကထက် ရိုးရိုးကားက ကျပ် ၁၀၀၀၀ ဈေးတက်ပြီး အထူးကားက ၁၈၀၀၀ ခန့် ဈေးတက်သွားတာပါ။ အခုလို ကားလက်မှတ် နှုန်းထားအပြောင်းအလဲဖြစ်တာ မတ်လ ၁၉ ရက်ဝန်းကျင်ကတည်းကဖြစ်ပြီး အွန်လိုင်းနဲ့ တယ်လီဖုန်း Booking စနစ်မပေးတာ့ဘဲ ငွေချေ လက်မှတ်ဖြတ်နဲ့သာ ရောင်းချကြောင်းလည်း သိရပါတယ်။
