၂၃.၃.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့အဖြစ် ယနေ့ မတ် ၂၃ ရက်၊ နံနက် ၁၀ နာရီက စတင်ကျင်းပလျက်ရှိပြီး ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးဒုတိယနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
