

သက်တံ့
၂၂. ၃. ၂၀၂၆
ကာတာနိုင်ငံတွင် လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကာတာတပ်မတော်ပိုင် စစ်ဘက်ရဟတ်ယာဥ်တစ်စင်းသည် ပါရှန်းပင်လယ်ကွေ့အတွင်းသို့ ပျက်ကျခဲ့ရာမှ တူရကီစစ်သည်တစ်ဦးနှင့် တူရကီနိုင်ငံ၏ အကြီးဆုံး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော ASELSAN မှ ကျွမ်းကျင်ပညာရှင် နှစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သောကြာနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါမတော်တဆမှုအတွင်း ကာတာစစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၄ ဦးလည်း သေဆုံးခဲ့ရသည်။ တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသည် သေဆုံးသူများထဲတွင် ၎င်းတို့၏ တပ်မတော်သားတစ်ဦးနှင့် ASELSAN (Askeri Elektronik Sanayi) နည်းပညာကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင် နှစ်ဦး ပါဝင်ကြောင်း ယနေ့တွင် ထုတ်ပြန်အတည်ပြုခဲ့ခြင်း ဖြစ်သည်။
လက်ရှိသဘောတူညီချက်များနှင့် စီမံကိန်းများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တူရကီနှင့် ကာတာနိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အနှောက်အယှက်မရှိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကနဦး စုံစမ်းစစ်ဆေးချက်များအရ ကာတာ-တူရကီ ပူးပေါင်းစစ်ဆင်ရေးဌာနချုပ် (Qatar-Turkish Combined Joint Force Command) လက်အောက်တွင် လေ့ကျင့်ရေးလုပ်ဆောင်နေသည့် အဆိုပါ ရဟတ်ယာဥ်သည် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
”ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာမှာ ရဟတ်ယာဥ်အပျက်အစီးနဲ့ ကျွန်ုပ်တို့ရဲ့ အာဇာနည်စစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ ဒီမတော်တဆမှုမှာ ကာတာတပ်မတော်သား ၄ ဦး၊ တူရကီတပ်မတော်သား ၁ ဦးနဲ့ ASELSAN ကျွမ်းကျင်ပညာရှင် ၂ ဦးတို့ အသက်ပေးလှူခဲ့ရပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။
ရဟတ်ယာဥ် ပျက်ကျရခြင်း အကြောင်းရင်းအမှန်ကို ကာတာအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် အသေးစိတ် အတည်ပြုနိုင်မည်ဖြစ်သည်။
တူရကီဒုတိယသမ္မတ Cevdet Yilmaz နှင့် နိုင်ငံခြားရေးဝန်ကြီး Hakan Fidan တို့ကလည်း အသက်ဆုံးရှုံးခဲ့ရသည့် စစ်သည်များနှင့် နည်းပညာရှင်များအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ကျန်ရစ်သူမိသားစုများနှင့် နှစ်နိုင်ငံပြည်သူများအတွက် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း အသီးသီး ထုတ်ဖော်ပြောကြားခဲ့ကြသည်။
Ref: AA
