
၂၂. ၃. ၂၀၂၆
Written by Nyein Kyaw
ယာဉ်၏ စက်စွမ်းအားအပေါ်မူတည်၍ စက်သုံးဆီ ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဝယ်ယူနိုင်မည့်စနစ်ကို လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိသည်။
မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်းစနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအားအပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့်စနစ်ကို Bar Code နှင့် QR Code စနစ်အတွင်း ထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိကြောင်း အသိပေးထားသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူမှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့် စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံထားသည်။
