◾️ ပုဂ္ဂလိကအလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ အတတ်နိုင်ဆုံး ဆောင်ရွက်သွားရန်ပါ တိုက်တွန်း

၂၂. ၃. ၂၀၂၆
Written by Nyein Kyaw
လုံလောက်သော စက်သုံးဆီအရန်ရှိသော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မတ်လ ၂၅ ရက်မှစတင်၍ အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် သတ်မှတ်ကြေညာလိုက်သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ စုံ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီ တင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန်ရှိသော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်သည်။
ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန် အသိပေးကြေညာထားသည်။
ထို့ပြင် ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ (Work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဖြစ်ပြီး ဤကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့ အတည်ဖြစ်ကြောင်း ကြေညာထားသည်။
