


၂၂.၃.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်တွင် မတ်လ ၂၁ ရက် ည ၉ နာရီ ၃၅ မိနစ်ခန့်အချိန်က မော်တော်ယာဥ် ၂ စီး မီးလောင်ဆုံးရှုံးခဲ့သည့် Terminal ဆီဆိုင် မီးလောင်မှုမှာ ကားဆီဖြည့်ရင်း ဆီဂေါက်တံနှင့်တိုင်ကီပွတ်တိုက်ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ဆီဆိုင်တွင် ဆိုင်ပိတ်ထားစဥ် AD Van အငှားယာဥ်က အရေးပေါ်သွားစရာရှိ၍ စက်သုံးဆီအကူအညီတောင်းရာ ဆီဆိုင်ဝန်ထမ်းမှ ဆီဖြည့်ပေးစဥ် ဆီပန့်ဂေါက်အား ဆီတိုင်ကီထဲသို့ ထည့်ခဲ့ပြီး ဆီဖြည့်ထားခဲ့ရာ ဆီပန့်ကိုင်မှ ငွေရှင်းကောင်တာသို့ ငွေသွားရှင်းစဥ် ဆီပိုက်ဂေါက်တံ တုန်ခါမှုကြောင့် တိုင်ကီနှင့်ပွတ်မိ၍ မီးပွားထွက်ကာ တိုင်ကီထဲရှိ ဓာတ်ဆီသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဆိုင်အတွင်းရပ်ထားသော Caldina ခဲရောင်ကားတစ်စီး၊ AD Van အဖြူရောင်တစ်စီး၊ ဆီပန့်စက် ၄ လုံး၊ ကောင်တာရုံ နှစ်ရုံ၊ မျက်နှာကြက်နှင့် ဝါယာကြိုးများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့အပြင် AD Van ပေါ်လိုက်ပါလာသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဘယ်ဘက်လက်ဖမိုးနှင့် လက်ဖျံတွင် မီးဟပ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိနစ် ၂၀ ကြာမြင့်ခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၃ စီး၊ ရေသယ်ယာဥ် ၇ စီး အပါအဝင် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ကျော်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းခဲ့သည်။
ဆီဆိုင်မီးလောင်မှုနှင့် ပတ်သက်၍ အသက် ၆၂ နှစ်အရွယ် ဆိုင်ဝန်ထမ်း ဦးကျော်ကျော်ထက်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားသည်။ (Photo – Credit)
