
နေမိုး
၂၂. ၃. ၂၀၂၆
နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်အား အသေခံဒရုန်းနှစ်စီးဖြင့် ယမန်နေ့က တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်ခုနစ်ဦးခန့် ထိခိုက်နိုင်သည်ဟု ကျူးလွန်သည့် ဝရဇိန် PDF အဖွဲ့က ယနေ့ဝန်ခံသည်။
ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး လမ်းမကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၏ အဝင်ဖြစ်သော အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်အား ဝရဇိန်တပ်ဖွဲ့မှ “Operation Fly Over Urban (Yae Ni)” အဖြစ် အဆင့်မြင့် Anti-Jamming FPV အသေခံဒရုန်းများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်သား (၇) ဦးခန့် ထိခိုက်မှုရှိကြောင်း ကနဦးသိရှိရပြီး သေဆုံးမှုစာရင်းအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဝရဇိန်တပ်ဖွဲ့ကဆိုသည်။
အဆိုပါစစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့က Jammer များ၊ Spoofer များအပြင် လက်နက်ငယ်များဖြင့်ပါ တန်ပြန်ပစ်ခတ်ခဲ့သော်လည်း FPV အသေခံ ဒရုန်းများသည် ပစ်မှတ်တည်နေရာများကို တိတိကျကျ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲ့နှင့်အတူ ဇာမဏီတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြေပြင်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
