

၂၁. ၃ .၂၀၂၆
Written by Thiri
ယာဉ်မောင်း အိပ်ငိုက်ကာ ကတ္တရာလမ်းပေါ်ကနေ လမ်းဘေးချော်ကျလို့ ယာဉ်ပေါ်ပါသူ လေးဦးအနက် တစ်ဦးသေဆုံးကာ ကျန်သူတွေမှာ ဒဏ်ရာအနည်းငယ်ရရှိမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့မတ်လ ၂၁ ရက်နေ့ မနက်အစောပိုင်းက ပဲခူးမြို့ မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ နယ်မြေခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ပဲခူးမြို့၊ ထားဝယ်အင်းကျေးရွာအနီး ပဲခူးအနောက် မြို့ရှောင်ကားလမ်းပေါ်၊ မိုင်တိုင်အမှတ်(၃၅/၃)နဲ့ (၃၅/၄) ကြားမှာ ရန်ကုန်ဘက်ကနေ ကလိကျေးရွာဘက်ဆီ ယာဉ်မောင်း ဖြိုးဇော်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်မှာ မစုလှိုင်၊ မသီတာ၊ မျိုးအောင် တို့လိုက်ပါလာတဲ့ KYN-4 CC/5283 TOYOTA PROBOX အမျိုးအစား အနက်ရောင်ယာဉ်ဟာ အရှိန်နဲ့ မောင်းနှင်နေစဉ် ရုတ်တရက် အိပ်ငိုက်မှုဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောကို ဝင်ရောက်ပြီး ကတ္တရာလမ်းပေါ်ကနေ (၈)ပေခန့် အနက်ရှိတဲ့ လမ်းဘေးကို ချော်ကျခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါသူ မစုလှိုင်၊ မသီတာနှင့် မျိုးအောင်တို့မှာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့ဘဲ ယာဥ်မောင်းဖြိုးဇော် တစ်ဦးသာ ကားအတွင်း သေဆုံးလျက်တွေ့ရှိရတာကြောင့် လူမှုကူညီရေးအသင်းသားတွေက ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
