သက်တံ့
၂၁. ၃. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အစိုးရအဖွဲ့သည် သောကြာနေ့တွင် AI ဆိုင်ရာ မူဝါဒမူဘောင် (Framework) တစ်ခုကို ထုတ်ဖော်ကြေညာလိုက်သည်။ ယင်းသည် ပြည်နယ်အလိုက် သတ်မှတ်ထားသော တီထွင်ဆန်းသစ်မှုဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချရန် ရည်ရွယ်ပြီး၊ တရုတ်နိုင်ငံနှင့် ပြင်းထန်လာနေသော နည်းပညာပြိုင်ဆိုင်မှုတွင် အမေရိကန်၏ အသာစီးရမှုကို ခိုင်မာစေရန်နှင့် AI ဘေးအန္တရာယ်များကို ဖြေရှင်းရန် လွှတ်တော် (Congress) ကို တိုက်တွန်းထားသည်။
“အမျိုးသား AI ဥပဒေပြုရေးမူဘောင် (National AI Legislative Framework)” ဟု အမည်ပေးထားသည့် အကြံပြုချက်အသစ်တွင် ထရမ့်ပ်က ပြောကြားသည်မှာ ပြည်နယ်အလိုက် ကွဲပြားနေသော AI ဥပဒေ ၅၀ ခုကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သော ဝန်ထုတ်ဝန်ပိုးများအစား နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုတည်းဖြစ်စေရန် လွှတ်တော်က ကြိုတင်ကာကွယ် သတ်မှတ်ပေးသင့်ကြောင်း ဖြစ်သည်။
ဖက်ဒရယ်အစိုးရက ကိုင်တွယ်ရန် ပိုမိုသင့်လျော်သော နယ်ပယ်များ သို့မဟုတ် ကမ္ဘာ့ AI လွှမ်းမိုးမှုရရှိရေး အမေရိကန်၏ အမျိုးသားမဟာဗျူဟာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ကိစ္စရပ်များတွင် ပြည်နယ်ဥပဒေများက လွှမ်းမိုးချုပ်ကိုင်ခြင်း မရှိစေသင့်ကြောင်းလည်း ဖော်ပြထားသည်။ အိမ်ဖြူတော်က အဆိုပါမူဘောင်အား ဥပဒေအဖြစ် ပြောင်းလဲနိုင်ရန် “လာမည့်လများအတွင်း” လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ဒါဟာ တီထွင်ဆန်းသစ်မှုကို ဟန့်တားနေပြီး AI ပြိုင်ပွဲမှာ အမေရိကန်ရဲ့ ဦးဆောင်မှုကို ခြိမ်းခြောက်နေတဲ့ ပြည်နယ် ၅၀ ရဲ့ ကွဲပြားခြားနားတဲ့ စည်းမျဉ်းစည်းကမ်းတွေ (patchwork) ကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်” ဟု ထရမ့်ပ်၏ AI နှင့် ခရစ်ပတို ငွေကြေးဆိုင်ရာ အကြံပေး David Sacks က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
◾️ မူဘောင်တွင် ပါဝင်သော အခြားအချက်များ
အဆိုပါမူဘောင်တွင် AI ကြောင့် ထွက်ပေါ်လာသော အချို့သော အကြောင်းအရာများမှ ကလေးငယ်များကို ကာကွယ်ရန်၊ Data Centre များ တည်ဆောက်မှုကြောင့် ပြည်သူများ လျှပ်စစ်ခိုင်နှုန်း ပိုမိုမကျသင့်စေရန်၊ မူပိုင်ခွင့်ကို အကာအကွယ်ပေးရန်နှင့် ဆင်ဆာဖြတ်တောက်မှုများကို တားဆီးရန် စသည့် ကျယ်ပြန့်သော အကြံပြုချက်များလည်း ပါဝင်သည်။
Asia Society Policy Institute မှ သုတေသနပညာရှင် Lizzi C. Lee က ထရမ့်ပ်၏ AI မူဘောင်သစ်သည် ဘေးကင်းလုံခြုံရေးထက် “စက်မှုကဏ္ဍ မဟာဗျူဟာ” (Industrial-strategic) ကို ပိုမိုဦးတည်ကြောင်း သုံးသပ်သည်။
“ရည်ရွယ်ချက်က AI ကို စည်းကမ်းသတ်မှတ်ဖို့တင် မဟုတ်ဘဲ၊ နိုင်ငံတော်အဆင့် စည်းမျဉ်းစာအုပ်တစ်အုပ်တည်းအောက်မှာ ပုဂ္ဂလိကကဏ္ဍ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ လမ်းဖွင့်ပေးတာဖြစ်တယ်။ ဒါကို စီးပွားရေးအင်အား၊ အမျိုးသားလုံခြုံရေးနဲ့ အမေရိကန်ရဲ့ ပထဝီဝင်နိုင်ငံရေး ဦးဆောင်မှုတွေနဲ့ ချိတ်ဆက်ထားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
◾️ တရုတ်နှင့် ပြိုင်ဆိုင်မှု
ထရန့်၏ အကြံပြုချက်များတွင် တရုတ်နိုင်ငံအမည်ကို တိုက်ရိုက်ထည့်သွင်းပြောဆိုခြင်း မရှိသော်လည်း၊ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြား AI ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်အပတ်က ဝါရှင်တန်တွင် ပြုလုပ်သော လွှတ်တော်ကြားနာပွဲ၌ အမေရိကန် AI နှင့် စက်ရုပ်ကုမ္ပဏီများက တရုတ်ကုမ္ပဏီများ၏ လူသားတူစက်ရုပ် (Humanoid Robots) နည်းပညာ တိုးတက်လာမှုကို တုံ့ပြန်ရန် ညှိနှိုင်းဆောင်ရွက်ထားသော မူဝါဒများနှင့် မဟာဗျူဟာများ ချမှတ်ပေးရန် ဥပဒေပြုအမတ်များကို တိုက်တွန်းခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင် “AI” ဟူသော စကားလုံးကို ၅၂ ကြိမ်တိုင်တိုင် ထည့်သွင်းဖော်ပြထားပြီး၊ ၂၀၂၁ ခုနှစ်က (၁၄) ကြိမ်မြောက် စီမံကိန်းတွင်မူ ၁၁ ကြိမ်သာ ပါဝင်ခဲ့သည်။ ပေကျင်းကလည်း AI အခြေခံနည်းပညာများ အောင်မြင်မှုရရန် တွန်းအားပေးနေသလို၊ ဘေးကင်းပြီး “စနစ်ကျသော” ဖွံ့ဖြိုးမှုကိုလည်း အလေးပေးပြောဆိုထားသည်။
◾️ စိန်ခေါ်မှုများ
သို့သော်လည်း ဤမူဘောင်သည် အမေရိကန်ကို တရုတ်ထက် သာလွန်စေရန် လုံလောက်မှု ရှိ၊ မရှိ မသေချာကြောင်း Lee က သတိပေးသည်။ “တရုတ်နိုင်ငံက အခြေခံအဆောက်အအုံ၊ စက်မှုမူဝါဒနဲ့ လက်တွေ့အသုံးချမှုတွေကို ပိုပြီး တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်နိုင်စွမ်းရှိတယ်” ဟု သူမက ဆိုသည်။
အိမ်ဖြူတော် သိပ္ပံနှင့် နည်းပညာမူဝါဒရုံး ညွှန်ကြားရေးမှူး Michael Kratsios ကမူ ဤဥပဒေပြဋ္ဌာန်းမှုကို ယခုနှစ်အတွင်း အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါတီနှစ်ရပ်လုံး၏ ထောက်ခံမှုကို ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Ref : SCMP
