

၂၁.၃.၂၀၂၆
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ ဒေဂျွန်မြို့ရှိ မော်တော်ကားအပိုပစ္စည်းစက်ရုံတစ်ရုံတွင် မီးလောင်မှု မတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိပြီးနောက် သုံးဦးပျောက်ဆုံးနေဆဲ ဖြစ်ကာ ကယ်ဆယ်ရေးသမားများက မီးလောင်ပျက်စီးနေသော အပျက်အစီးများကြားတွင် ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်များက မတ်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မီးဘေးနှင့် အခြားဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဌာနမှ အရာရှိတစ်ဦးက ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေအနက် ၂၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ၊ ၃၄ ဦးမှာ ဒဏ်ရာမပြင်းထန်ကြောင်း၊ သုံးဦးမှာပျောက်ဆုံးနေကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
မတ်လ ၂၀ ရက်မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် မီးသတ်သမား၊ ရဲနှင့် အရေးပေါ်ဝန်ထမ်းများ ၅၀၀ ကျော်ကို မီးငြှိမ်းသတ်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေလွှတ်ခဲ့ရသည်။
အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုများနှင့် ဓာတ်ပုံများတွင် အဆောက်အအုံမှ မီးခိုးထူထပ်စွာ ထွက်လာပြီး အလုပ်သမားအချို့သည် အဆောက်အအုံတစ်ခုမှ ခုန်ချနေသည်ကို တွေ့ကြရသည်။
ဒေဂျွန်မြို့၏ ဒေဒီအော့က်ခရိုင် မီးသတ်ဦးစီးချုပ် နမ်ဒွတ်ဝူက မီးလောင်မှုကြောင့် အဆောက်အအုံ ပြိုကျမည်ကို စိုးရိမ်သောကြောင့် မီးသတ်သမားများ ကနဦးတွင် ဝင်ရောက်နိုင်ခြင်း မရှိသော စက်ရုံအဆောက်အအုံတစ်ခုမှာ ပျက်စီးသွားကြောင်း ပြောကြားခဲ့သည်။
မီးသတ်ဌာနက မီးလောင်မှုကို မွန်းလွဲ ၁ နာရီ ၁၈ မိနစ်ခန့်တွင် သတင်းရရှိခဲ့သည်။ Yonhap သတင်းဌာန၏ အဆိုအရ မီးလောင်မှုစတင်ချိန်တွင် အလုပ်သမား ၁၇၀ ဦး စက်ရုံတွင် ရှိနေခဲ့ကြောင်းလည်း သိရသည်။ မတ်လ ၂၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ မတ်လ ၂၀ ရက်၊ ည ၁၁ နာရီ ၄၈ မိနစ်မှစ၍ မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
မီးလောင်သောနေရာတွင်မီးသတ်စက်ရုပ်များကို စေလွှတ်ကာ ဘေးကင်းရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပျောက်ဆုံးနေသော အလုပ်သမားများကို သောကြာနေ့နှောင်းပိုင်းတွင် စတင်၍ ရှာဖွေမှုများပြုလုပ်နေကြောင်းလည်းသိရသည်။
မီးလောင်မှုအကြောင်းရင်းကို ချက်ချင်းမသိရသေးသော်လည်း မီးလောင်ကျွမ်းမှုသည် လျင်မြန်စွာ ပျံ့နှံ့သွားပုံရပြီး မျက်မြင်သက်သေများက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းပို့ခဲ့ကြသည်။ လူအချို့က ထွက်ပြေးရန် အဆောက်အအုံမှ ခုန်ချစဉ် ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ မီးခိုးငွေ့ရှူရှိုက်မိ ခြင်းကြောင့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
Ref- AFP
