၂၁.၃.၂၀၂၆
Written by Linn Eain
အထည်ချုပ်စက်ရုံတွင် တစ်နေ့ ငွေကျပ် ၅၀၀၀ သာရရှိ၍ အလုပ်ထွက်ပြီး အခြားအလုပ်ရှာဖွေနေသည့် မိန်းကလေးနှစ်ဦးကို တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်သူ အမျိုးသမီးတစ်ဦးကို သင်္ဃန်းကျွန်းခရိုင်တရားရုံးက မတ် ၁၈ ရက်တွင် လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ မိန်းကလေးနှစ်ဦးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရာ တစ်နေ့လျှင် ငွေကျပ် ၅၀၀၀ သာ ရရှိသဖြင့် အလုပ်မှ ထွက်ပြီး အခြားအလုပ်အကိုင်ရှာဖွေနေစဉ် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ နှင်းဝေဖြိုး(ခ)မနှင်းနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နှင်းဝေဖြိုးက တရုတ်နိုင်ငံသားနှင့် လက်ထပ်မည်ဆိုပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၈၀ စီရမည်ဖြစ်ပြီး တစ်နှစ်စာချုပ်ချုပ်ဆို၍ အတူပေါင်းသင်းနေထိုင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ နိုင်ငံကူးလက်မှတ်ပြုလုပ်၍ လေယာဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့၍ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးကာ တရုတ်အမျိုးသားတစ်ဦးထံ ပို့ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရာတွင် အဆင်မပြေသဖြင့် ရန်ကုန်-မန္တလေး-မြစ်ကြီးနားမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်းပြောဆို၍ အောင်မင်္ဂလာကားဝင်းသို့ ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိသဖြင့် အမှတ်(၆)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)က သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ)၆၅/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး မတ် ၁၈ ရက်တွင် သင်္ဃန်းကျွန်းခရိုင်တရားရုံးက ကျူးလွန်သူ နှင်းဝေဖြိုး(ခ)မနှင်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
