သတိုး
၂၀. ၃. ၂၀၂၅
One Championship ကို ပထမဆုံးထိုးသတ်တဲ့ One Friday Fights 139 ပွဲမှာ ကျော်စွာဝင်းဟာ မာကျောလှတဲ့ဂျပန်ဖိုက်တာ မူဂါဆီတိုကို ဒုတိယအချီမှာ လေပေါ်ပျံဆူပါိမန်းလက်သီးချက် (Flying Superman Punch) နဲ့ ပွဲသိမ်းခဲ့အပြီးမှာ မူလကတည်းက မြန်မာပရိသတ်အချစ်တော် ကျော်စွာဝင်းဟာ ထိုင်းပရိသတ်တွေအကြားမှာ လုမ္ဗနီကွင်းကို တုန်ဟီးစေခဲ့တဲ့ မြန်မာ့သူရဲကောင်းသစ်လို့ ထိုင်းမီဒီယာတွေက ချီးကျူးရတဲ့အထိ နာမည်ကျော်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့တဲ့ One Friday Fights 139 ပွဲအပြီး ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ONE Friday Fights 147 ပွဲစဉ်မှာတော့ ကျော်စွာဝင်းဟာ မွေထိုင်းသမ္ဘာရင့် လိပ်နင်ဂျာလို့ နာမည်ရတဲ့ဖိုက်တာဆမင်းဒမ်နဲ့ ရင်ဆိုင်ရတော့မှာပါ။ ဒီပွဲဟာ ရိုးရိုးတန်းတန်း စိန်ခေါ်ပွဲတစ်ခုထက် ပိုသွားခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဆမင်းဒမ်ဟာ မြန်မာဖိုက်တာဆွန်ရက်နဲ့ မိုးထက်အောင်ကို အမှတ်နဲ့နိုင်ထားဖူးတာ၊ ဒီပွဲနိုင်ရင် စာချုပ်ကြီးရချင်နေတာ၊ ထိုင်းနိုင်ငံသားဖြစ်နေတာမို့ မွေထိုင်းကို ကိုယ်စားပြုတာ။ တစ်ဖက်မှာ ကျော်စွာဝင်းကလည်း One Championship မှာ တစ်ပွဲပဲ ထိုးဖူးထားပေမဲ့ မြန်မာနိုင်ငံမှာ ၉၅ ပွဲနိုင်၊ တစ်ပွဲပဲရှုံးခဲ့ပြီး ဒီရှုံးခဲ့တဲ့ပွဲကလည်း သူ့ထက် ဝိတ်အဆမတန်သာပြီး ကီလို ၅၀ လောက် ပိုများတဲ့ ထွန်းထွန်းမင်းကိုသာ ရှုံးခဲ့တဲ့ ရိုးရာကိုယ်စားပြုမို့ပါ။ ဒီလိုမျိုး မြန်မာ့လက်ဝှေ့အစဉ်အလာကို ကိုယ်စားပြုတဲ့ ကျော်စွာဝင်းနဲ့ ထိုင်းမြေမှာ ပရိသတ်အကြိုက် ကစားတတ်တဲ့ ဆမင်းဒမ်တို့ရဲ့ ပွဲဟာ မွေထိုင်းနဲ့ မြန်မာ့ရိုးရာလက်ဝှေ့အတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အားပြိုင်မှုတစ်ခုပါ ဖြစ်လာပါတယ်။
◾ ဝါရင့် မွေထိုင်းဖိုက်တာ ဆမင်းဒမ်ရဲ့ ဝိတ်သူခိုးလုပ်ရပ်
ဆမင်းဒမ်ဟာ သူ့ရဲ့ ထူးခြားတဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံကို လိင်နင်ဂျာလို ဝတ်ဆင်ပွဲထွက်သူမို့ လိပ်နင်ဂျာလို့ လူသိများပါတယ်။ Fight IQ အရမ်းမနိမ့်ဘဲ ထိုးသတ်ပုံကောင်းသူ၊ မဆုတ်တမ်းထိုးတဲ့ ခံနိုင်ရည်မြင့်သူဆိုတာကို အလဲထိုးပါဝါရှိတဲ့ မြန်မာဖိုက်တာမိုးထက်အောင်၊ ဦးနှောက်သုံးကစားတတ်တဲ့ ဆွန်ရက်တို့ကို အမှတ်ရအောင်ထိုးပြီး အနိုင်ယူသွားခဲ့တဲ့ကစားပုံတွေက သိသာပါတယ်။
ကျော်စွာဝင်းကတော့ မြန်မာ့ရိုးရာလက်ဝှေ့မှာနာမည်ကျော်ပြီး Fairtex မှာ မွေထိုင်းကို လေ့လာသင်ယူပြီးမှ ထိုးသတ်လာသူဖြစ်ပေမဲ့ မွေထိုင်းသင်ယူမှုက တစ်နှစ်ဝန်းကျင်ပဲရှိသေးပြီး ဒူးတံတောင် အသုံးပြုနိုင်မှုအားနည်းနေသေးသလို အချုပ်ခံရရင်လည်း ဖြည်နိုင်ဖို့အားနည်းချက်ရှိနေပါသေးတယ်။ ကျော်စွာဝင်းရဲ့အားသာချက်က မာဂုဏ်နဲ့ နောက်မဆုတ်တမ်းထိုးသတ်တတ်တာ၊ လက်သီးဟာ အလဲထိုးပါဝါရှိတာတွေပါ။ သူကြမ်းကိုယ်ကြမ်း ပြိုင်ကြမ်းမယ်ဆိုလည်း နောက်တွန့်သူမဟုတ်တာက သူ့ကို မြန်မာပရိသတ်ကြိုက်စေခဲ့တာပါ။
ဒါပေမဲ့လည်း ကျော်စွာဝင်းနဲ့ လိပ်နင်ဂျာတို့ ထိပ်တိုက်တိုးနေတဲ့ ဒီပွဲမှာ အကြီးမားဆုံး ဝေဖန်စရာ ဖြစ်လာတာကတော့ “ဝိတ်သူခိုး” လို့ မြန်မာပရိသတ်တွေက ကင်ပွန်းတပ်ခံလိုက်ရတဲ့ ဆမင်းဒမ်ရဲ့ လုပ်ရပ်ပါပဲ။ ပွဲတည်စဉ်ကတည်းက ကျော်စွာဝင်းက လူကောင်ပိုထွားတဲ့အတွက် ဆမင်းဒမ်ဘက်က ဘင်တန်ဝိတ်မှာထိုးနေတဲ့ ကျော်စွာဝင်းကို ဖလိုင်းဝိတ်တန်းမှာ ဝိတ်ချထိုးဖို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပါတယ်။
ဒီလို ညှိနှိုင်းခဲ့တာကြောင့် ကျော်စွာဝင်းဟာ Professional ပီသစွာနဲ့ ဝိတ်ချပြီး သတ်မှတ်ပေါင်ချိန်အတွင်း ဝင်အောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့၊ ဝိတ်ချခိုင်းခဲ့တဲ့ အိမ်ရှင် ထိုင်းဖိုက်တာ ဆမင်းဒမ်ကိုယ်တိုင်ကတော့ ဝိတ်မဝင်ခဲ့ပါဘူး။ ဒါဟာ မတော်တဆမှုထက် ပွဲအတွင်းမှာ ခန္ဓာကိုယ်ထုထည် အသာစီးရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ “မသမာမှု” တစ်ခုအဖြစ် ရှုမြင်ခံနေရပါတယ်။ ဝိတ်ဝင်အောင် ကြိုးစားခဲ့တဲ့ ကျော်စွာဝင်းအတွက်တော့ ဒါဟာ အင်အားချည့်နဲ့အောင် အလုပ်ခံရပြီး ပြိုင်ဘက်ကတော့ ဝိတ်အသာစီးနဲ့ လာထိုးမယ့် မတရားတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။
ဒီနေရာမှာ ဝိတ်သူခိုးဆမင်းဒမ်ဆီက ကျော်စွာဝင်းဟာ ထိုးကြေး ၃၀ ရာခိုင်နှုန်းလောက် ခွဲယူရမယ်ဆိုပေမဲ့လည်း မဖြစ်စလောက် ထိုးသတ်ကြေးရမှုဟာ ပွဲအတွင်းမှာ အားအင်ချိနဲ့ပြီး အရေးနိမ့်ရမယ့် အရှက်ကွဲမှုထက်စာရင် ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး။

◾ ဘက်လိုက်မှုများစွာကို ကျော်ဖြတ်ရမယ့် ကျော်စွာဝင်းရဲ့ ခရီးကြမ်း
မွေထိုင်းအစဉ်အလာကို အားကောင်းအောင်မြှင့်တင်နေတဲ့ ထိုင်းမြေမှာ ထိုင်းဖိုက်တာတစ်ဦးနဲ့ ယှဉ်ပြိုင်ရတာဟာ ကျော်စွာဝင်းအပါအဝင် ထိုင်းနိုင်ငံသားမဟုတ်တဲ့ဖိုက်တာတွေအတွက် မလွယ်ကူပါဘူး။ မွေထိုင်းကိုလာထိုးတဲ့ ပြိုင်ဖက်နိုင်ငံသားတိုင်းဟာ အိမ်ရှင်ထိုင်းဖိုက်တာကို အလဲမထိုးနိုင်ရင် ဘယ်လောက်သာသာ အမှတ်နဲ့ရှုံးရတဲ့ ရုပ်ပျက်ဆင်းပျက် ဘက်လိုက်မှုလည်း ကြုံနေကြရတာပါ။ ဒါကြောင့်လည်း One Championship ဟာ Thai Championship လို့ နာမည်တွင်နေတဲ့အထိ ဘက်လိုက်တဲ့အဖွဲ့အစည်းပါ။ ဒီလိုမျိုး ဘက်လိုက်တဲ့အဖွဲ့အစည်းမှာ အိမ်ရှင်က One မှာ ၁၁ ပွဲထိုးထားပြီး ၈ ပွဲနိုင်ထားတဲ့အပြင် ထိုင်းနိုင်ငံသားဖြစ်နေတာမို့လို့ အစကတည်းက မလွယ်ကူတဲ့ ခရီးတစ်ခုပါ။ ဒီလိုမလွယ်ကူရတဲ့အထဲ အခုလို ဝိတ်ကိစ္စမှာပါ ဆမင်းဒမ်ရဲ့ ကလိမ်ကကျစ် လုပ်ခံရခြင်းဟာ ကျော်စွာဝင်းအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ဖိအားပေးဖို့ ကြိုးစားတာ ထင်ရှားပါတယ်။
ကျော်စွာဝင်းအတွက် ဒီပွဲဟာ ပြိုင်ဘက်ထက် ပိုကြီးမားတဲ့ “မတရားမှု” ကိုပါ ကျော်ဖြတ်ရမယ့်ပွဲပါ။ ဒီနေရာမှာ One Championship ရဲ့ ဘက်လိုက်မှုတစ်ခုကို ထပ်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ပွဲမှာ ကျော်စွာဝင်းဟာ ဂျပန်ဖိုက်တာ မူဂါဆီတိုကို ဒုတိယအချီမှာ အလဲထိုးနဲ့နိုင်ခဲ့ပေမဲ့ One Championship Thailand ကတော့ သူတို့ Page မှာ အနိုင်ရတဲ့ ကျော်စွာဝင်း အထိုးခံရတဲ့ပုံတွေပဲ တင်ခဲ့တာပါ။ ဒါကြောင့် မြန်မာပရိသတ်တွေက ကျော်စွာဝင်းထိုးလို့ မူဂါဆီတို အလဲလဲအပြိုပြိုဖြစ်နေတဲ့ပုံတွေသွား Comment ပေးပြီး မြန်မာဖိုက်တာနိုင်တိုင်း မြန်မာဖိုက်တာအထိုးခံရတဲ့ပုံတွေပဲ ရွေးတင်တဲ့ One Championship Thailand ရဲ့ အောက်တန်းကျမှုကို ဝိုင်းဝန်းရှုတ်ချခဲ့ရသေးတာပါ။
ဘာပဲဖြစ်ဖြစ် လက်ရှိမှာတော့ ဆမင်းဒမ်နဲ့ ကျော်စွာဝင်းဟာ Catch Weight မှာ ပွဲဖြစ်သွားပါပြီ။ ကျော်စွာဝင်းကို မယှဥ်နိုင်မှာကြောက်လို့ ဝိတ်ခိုးတဲ့ ဆမင်းဒမ်ဟာ သူ့ရဲ့အရှက်မဲ့တဲ့လုပ်ရပ်ကြောင့် ကျော်စွာဝင်းကိုနိုင်ခဲ့ရင်တောင် စာချုပ်ကြီးရမှာမဟုတ် ဘောနပ်စ်လည်း ရမှာမဟုတ်ပါဘူး။
ကျော်စွာဝင်းအနေနဲ့လည်း ဆမင်းဒမ်လို မသမာတဲ့နည်းနဲ့ ဝိတ်ခိုးဖို့ကြိုးစားတဲ့ စိတ်ဓာတ်နိမ့်ကျတဲ့ ပြိုင်ဘက်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ နည်းစနစ်ပိုင်းဆိုင်ရာပါ အပြတ်အသတ် အလဲထိုးပြနိုင်မလားဆိုတာ မကြာခင်မှာ စောင့်ကြည့်ရတော့မှာ ဖြစ်ပြီး သေချာတာကတော့ ဒီနေ့မှာ မြန်မာပရိသတ်တွေဟာ ကျော်စွာဝင်း ရှုံးရှုံးနိုင်နိုင် ချစ်ခင်အားပေးမြဲ အားပေးနေမှာဖြစ်ပြီး ဝိတ်သူခိုးလိပ်နင်ဂျာကိုသာ အလဲထိုး နိုင်ခဲ့ရင်ဖြင့် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား၊ သားရွှေအိုးထမ်းလာသလို ဝမ်းမြောက်ဝမ်းသာ ကြိုဆို ပျော်ရွှင်ကြမှာဖြစ်ပါကြောင်း… ။
