◾ Telegram နှင့် X (Twitter) တို့ရှိ Chat Group များမှတစ်ဆင့် ကလေးသူငယ် ညစ်ညမ်းစာပေနှင့် ရုပ်သံများကို ဖြန့်ဖြူးရောင်းချခဲ့ကြခြင်းဖြစ်

သက်တံ့
၁၉. ၃. ၂၀၂၆
ထိုင်းနိုင်ငံတစ်ဝန်းရှိ နေရာလေးခုကို ဆိုင်ဘာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကလေးသူငယ်ညစ်ညမ်းရုပ်သံများ ရောင်းချသည့် အမျိုးသားလေးဦးကို ဖမ်းဆီးလိုက်ကြောင်း TICAC
(ထိုင်းနိုင်ငံ အင်တာနက်အသုံးပြု၍ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ တားဆီးနှိမ်နင်းရေးအဖွဲ့) ၏ ယနေ့ မတ် ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ရဲတပ်ဖွဲ့သည် လူမှုကွန်ရက်စာမျက်နှာ အသီးသီးမှ သက်သေအထောက်အထားများကို စုဆောင်းခဲ့ပြီးနောက် ဘန်ကောက်၊ စမွတ်ပရာကန်၊ ချွန်ဘူရီနှင့် အယုဒ္ဓယတို့ရှိ နေရာများကို ဝင်ရောက်ရှာဖွေခွင့် ဝရမ်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း TICAC ၏ ရဲမှူးကြီး Theeranon Manmongkol က ပြောကြားသည်။
ဖြစ်စဥ်တွင် ကနဦး၌ ဘန်ကောက်မြို့၊ လတ်ကရာဘန်းခရိုင်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်။ နိသီဖတ် (Nithiphat) ဟုသာ အမည်ဖော်ပြထားသည့် ထိုသံသယရှိသူသည် Telegram Chat Group တစ်ခု၏ Admin ဖြစ်သည်။
၎င်း၏ iPhone 17 Pro Max အတွင်း ထို Group ထဲတွင် မျှဝေထားသည့် ညစ်ညမ်းဖိုင် အမြောက်အမြားကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များ၏ ပုံရိပ်များနှင့် အများသုံးအိမ်သာများတွင် ခိုးရိုက်ထားသည့် ဗီဒီယိုများ ပါဝင်ပြီး၊ အဆိုပါ အမျိုးသားသည် Group အဖွဲ့ဝင်များထံမှ ငွေကြေးလက်ခံရရှိခဲ့သည့် အထောက်အထားများကိုလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထို့အပြင် စမွတ်ပရာကန်ပြည်နယ်၊ မောင် (Muang) ခရိုင်တွင်မူ “ta-rittv2” အမည်ရှိ X အကောင့်အသုံးပြုသူ သက္ကရစ်ကမွန် (Thakritkamon) အမည်ရှိ အသက် ၃၀ အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့သည်။ ၎င်းသည် ၎င်း၏ စက်ပစ္စည်းများအတွင်း တွေ့ရှိရသည့် ကလေးသူငယ်ညစ်ညမ်းရုပ်သံများကို ကိုယ်တိုင်ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေခဲ့ကြောင်း ဝန်ခံခဲ့သည်။
ချွန်ဘူရီပြည်နယ်တွင်မူ Telegram အက်ပ်တွင် “Peter Oozet” အမည်ဖြင့် ကလေးသူငယ်ညစ်ညမ်းရုပ်သံများ ရောင်းချနေသည့် ကရိုင်းဆက် (Kriangsak) အမည်ရှိ အသက် ၃၀ အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့သည်။ ၎င်း၏ ဗီဒီယိုဖိုင်တစ်ခုတွင် ပါဝင်သည့် မိန်းကလေးငယ်မှာ အသက် ၁၆ နှစ်သာ ရှိသေးကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အယုဒ္ဓယပြည်နယ်၊ ဘန်ပါအင်းခရိုင်တွင် ညစ်ညမ်းစာပေနှင့် ရုပ်သံများပါဝင်သည့် လက်ကိုင်ဖုန်းနှင့်အတူ အသက် ၂၃ နှစ်အရွယ် ဖာနုဖုန်း (Phanuphong) ကို ဖမ်းဆီးခဲ့သည်။ ၎င်း၏ဖုန်းအတွင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ဓာတ်ပုံများ ပါဝင်နေပြီး၊ ထိုပုံများကို ၂၀၁၉ ခုနှစ်ကတည်းက ၎င်းကိုယ်တိုင် ရိုက်ကူးသိမ်းဆည်းထားခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
သံသယရှိသူများသည် ကွန်ပျူတာစနစ်အတွင်း ညစ်ညမ်းအကြောင်းအရာများ တင်သွင်းမှု၊ ကလေးသူငယ်ညစ်ညမ်းရုပ်သံများ လက်ဝယ်ထားရှိမှုနှင့် စီးပွားဖြစ် ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရဲမှူးကြီး Theeranon က ပြောကြားခဲ့သည်။
ကလေးသူငယ်များအပေါ် အလွဲသုံးစားပြုလုပ်မှုများအား နိုင်ငံတစ်ဝန်း အရှိန်အဟုန်ဖြင့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: Bangkok Post
