သတိုး
၁၈. ၃. ၂၀၂၆
အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ Matthew Aaron VanDyke ကို ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့အတူ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က မတ်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့အားလုံးဟာ အိန္ဒိယနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ တရားမဝင်ဝင်ရောက်ခဲ့ကြပြီး အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ NIA က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးမှာ Hurba Petro, Slyviak Taras, Ivan Sukmanovskyi, Stefaniv Marian, Honcharuk Maksim နဲ့ Kaminskyi Viktor တို့ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး သူတို့ထဲက Hurba Petro, Slyviak Taras နဲ့ Ivan Sukmanovskyi တို့ကလည်း ယူကရိန်းစစ်ပြန်တွေ ဖြစ်ပါတယ်။
◾️ Matthew VanDyke ဆိုတာ ဘယ်သူလဲ
VanDyke ဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့သားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြချက်အရ သူဟာ စစ်သား၊ နိုင်ငံတကာစီးပွားရေးသမား၊ စစ်သတင်းထောက်နဲ့ ပင်တိုင်ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
၂၀၀၉ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ သူဟာ The Baltimore Examiner သတင်းစာအတွက် စစ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး အီရတ်ရှိ အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ လိုက်ပါသတင်းယူခဲ့ပါတယ်။
သူဟာ လစ်ဗျားတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တစ်ဦးဖြစ်ပြီး အဲဒီမှာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရဖူးသလို၊ နောက်ပိုင်းမှာ SOLI (Sons of Liberty International) လို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဝဘ်ဆိုက်ရဲ့ အဆိုအရ SOLI ဟာ “အကြမ်းဖက်မှု၊ သောင်းကျန်းမှုနဲ့ ဖိနှိပ်တဲ့အစိုးရတွေကို တိုက်ခိုက်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် အခမဲ့ လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးခြင်း၊ သင်တန်းပေးခြင်းတွေကို အကျိုးအမြတ်မယူဘဲ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း” ဖြစ်ပါတယ်။

◾️ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားမှု အခြေအနေ
HT သတင်းဌာနရဲ့ အစောပိုင်းဖော်ပြချက်အရ NIA ဟာ သူတို့ကို ၁၉၆၇ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မ ၁၈ အရ အမှုဖွင့်ထားတာဖြစ်ပြီး အဆိုပါပုဒ်မဟာ အကြမ်းဖက်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ ထောက်ပံ့မှု၊ အားပေးကူညီမှု ဒါမှမဟုတ် လှုံ့ဆော်မှုတွေနဲ့ သက်ဆိုင်ပါတယ်။
ဒေလီတရားရုံးက တနင်္လာနေ့မှာ သူတို့ ၇ ဦးလုံးကို မတ်လ ၂၇ ရက်နေ့အထိ NIA ထံ ချုပ်မိန့်ပေးခဲ့ပါတယ်။ NIA က တရားရုံးကို တင်ပြရာမှာ နောက်ထပ် ယူကရိန်းနိုင်ငံသား ၈ ဦးကိုလည်း လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။ စုစုပေါင်း ၁၅ ဦးစလုံးဟာ အိန္ဒိယကို ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ တရားမဝင် ဝင်ရောက်လာကြတာဖြစ်ပြီး သူတို့ မြန်မာနိုင်ငံမှာ သင်တန်းပေးခဲ့တဲ့ အဖွဲ့တွေဟာ အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ ဆိုပါတယ်။
တရားခံတွေဟာ “အိန္ဒိယကို ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ မတူညီတဲ့ရက်စွဲတွေမှာ ဝင်ရောက်လာပြီး ဂူဝါဟာတီကို လေယာဉ်နဲ့သွားခဲ့ကြပါတယ်။ အဲဒီနောက် လိုအပ်တဲ့ စာရွက်စာတမ်းတွေဖြစ်တဲ့ ကန့်သတ်နယ်မြေသွားလာခွင့် (RAP/PAP) မရှိဘဲ မီဇိုရမ်ကို သွားခဲ့ကြပြီး မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့ကြပါတယ်။ သူတို့ဟာ တပ်မတော်အစိုးရကို ပစ်မှတ်ထားတဲ့ ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းမောင်းနှင်မှု၊ တပ်ဆင်မှုနဲ့ Jamming (လှိုင်းဖြတ်) နည်းပညာစတာတွေကို အိန္ဒိယမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံနေတဲ့ မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေထံ ကြိုတင်စီစဉ်ထားတဲ့အတိုင်း သင်တန်းပေးဖို့ သွားခဲ့တာဖြစ်ပါတယ်” လို့ NIA ရဲ့ တရားရုံးတင်ပြချက်မှာ ဖော်ပြထားပါတယ်။
VanDyke နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးဟာ စစ်ဆေးမေးမြန်းမှုအတွင်း ဒီလက်နက်ကိုင်အဖွဲ့တွေကို တစ်ကြိမ်ထက်မက သင်တန်းပေးခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ အေဂျင်စီက တရားရုံးကို ပြောပါတယ်။ ဒါ့အပြင် သူတို့ဟာ ဥရောပကနေ ဒရုန်းအမြောက်အမြားကို အိန္ဒိယကတစ်ဆင့် မြန်မာနိုင်ငံထဲက အဆိုပါအဖွဲ့တွေဆီ တရားမဝင် သယ်ယူပို့ဆောင်ပေးရာမှာ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“သူတို့ သင်တန်းပေးပြီး လက်နက်နဲ့ တခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေဟာ အိန္ဒိယက ပိတ်ပင်ထားတဲ့ အိန္ဒိယသောင်းကျန်းသူအဖွဲ့ (IIGs) အချို့ကို ထောက်ပံ့နေတာကြောင့် အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေပါတယ်” လို့ အမည်မဖော်လိုတဲ့ NIA အရာရှိတစ်ဦးက HT ကို ပြောသလို”ကျွန်တော်တို့အနေနဲ့ ဒီပူးပေါင်းကြံစည်မှုတစ်ခုလုံးကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပြီး ကျန်နေတဲ့သူတွေကိုလည်း လိုက်လံရှာဖွေနေပါတယ်။”လို့လည်း ဆက်လက်ပြောပါတယ်။
◾️ အမေရိကန်နဲ့ ယူကရိန်းတို့ရဲ့ တုံ့ပြန်မှု
အိန္ဒိယရှိ အမေရိကန်သံရုံးကတော့ ဒီအခြေအနေကို “သိရှိထားကြောင်း” ပြောပေမယ့် အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေကြောင့် အသေးစိတ်ကိုတော့ မျှဝေလို့မရဘူးလို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ယူကရိန်းနိုင်ငံက ဒီကိစ္စကို အိန္ဒိယအစိုးရထံ တင်ပြထားပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် Oleksandr Polishchuk ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အတွင်းရေးမှူး (အနောက်ပိုင်း) Sibi George နဲ့ တွေ့ဆုံပြီး တရားဝင်အကြောင်းကြားစာ ပေးအပ်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ အဲဒီစာထဲမှာ ယူကရိန်းနိုင်ငံသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ သံရုံးက တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
◾️ ကြေးစားစစ်သားအဖွဲ့လို့ ဝေဖန်ခံနေရတဲ့ SOLI
SOLI ဟာ ကမ္ဘာ့ပထမဆုံး အကျိုးအမြတ်မယူတဲ့ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်အဖွဲ့ (Non-profit Military Contracting Firm) အဖြစ် မိမိကိုယ်ကိုယ် ကြေညာထားပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ဟာ အကြမ်းဖက်အဖွဲ့တွေ ဒါမှမဟုတ် ဖိနှိပ်တဲ့ အစိုးရတွေကို ခုခံတိုက်ခိုက်နေရတဲ့ အားနည်းတဲ့ လူနည်းစုအဖွဲ့အစည်းတွေကို အခမဲ့ စစ်သင်တန်းပေးခြင်း၊ အကြံပေးခြင်းနဲ့ ပစ္စည်းထောက်ပံ့ခြင်းတွေ လုပ်ဆောင်ပါတယ်။ ဒီ့အတွက် ရန်ပုံငွေကိုတော့ အလှူရှင်တွေဆီကရတဲ့ အလှူငွေနဲ့ လည်ပတ်တာဖြစ်ပြီး အမေရိကန်မှာ 501(c)(3) အဆင့်ရှိတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်ထားပါတယ်။
SOLI အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက ပဋိပက္ခဇုန်တော်တော်များများမှာ ပါဝင်ပတ်သက်ခဲ့ဖူးပြီး အီရတ်မှာဆို ISIS ကို တိုက်ခိုက်ဖို့အတွက် အာဆီးရီးယန်း ခရစ်ယာန်လက်နက်ကိုင်အဖွဲ့ (NPU) ကို သင်တန်းပေးခဲ့ပါတယ်။ ယူကရိန်းမှာဆို ၂၀၂၂ ခုနှစ် ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းတပ်ဖွဲ့တွေကို ဒရုန်းနည်းပညာနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ သင်တန်းတွေ ပေးခဲ့ပါတယ်။ အလားတူ ဗင်နီဇွဲလားမှာဆိုလည်း သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့တွေကို လျှို့ဝှက်ကူညီခဲ့တယ်လို့ ဆိုထားပြီး လက်ရှိ အိန္ဒိယမှာ ဖမ်းဆီးခံရတဲ့ အမှုအရ မြန်မာနိုင်ငံ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေကို ဒရုန်းနည်းပညာနဲ့ စစ်သင်တန်းပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
SOLI ရဲ့ လှုပ်ရှားမှုတွေဟာ နိုင်ငံတကာမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ သူတို့ဟာ ကြေးစားစစ်သား (Mercenary) လားဆိုတဲ့ဝေဖန်မှုတွေ ခံနေရပြီး သူတို့ကိုယ်သူတို့ ပရဟိတလုပ်ငန်းလို့ ပြောပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးနဲ့ စစ်ရေးမှာ ပါဝင်ပတ်သက်နေတာဟာ “ကြေးစားစစ်သား” လုပ်ရပ်တွေဖြစ်နေတာကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး အခု အိန္ဒိယမှာ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်မှာဆိုရင် သူတို့ရဲ့ လုပ်ရပ်ဟာ အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ရှုမြင်တာကြောင့် သူတို့အဖွဲ့ကို ဖမ်းဆီး ဖြိုခွင်းဖို့ လုပ်ဆောင်နေတာပါ။
Ref: Hindustan Times, NIA Official Statement, Sons of Liberty International (SOLI)
