၁၈. ၃. ၂၀၂၆
Written by Thiri
အမြန်လမ်းပေါ် မှာ လမ်းပြောင်းပြန်မောင်နှင်လာတဲ့ ဆိုင်ကယ်တစ်စီးက လမ်းအောက်ကြောမှာရပ်ထားတဲ့ ယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံးကာ တစ်ဦး အတွင်းလူနာအဖြစ် ကုသနေရတဲ့ဖြစ်စဉ် ဒီနေ့ မတ် ၁၈ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ မနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ မောင်းနှင်သူအပါအဝင် အမျိုးသားသုံးဦးစီးနင်းလိုက်ပါလာတဲ့ နံပါတ်မပါ BASHAN-125 (ဖြူ/နီကြားရောင်) မော်တော်ဆိုင်ကယ်ဟာ အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းနှင်လာရာမှ ရန်ကုန်မှ နေပြည်တော် (အသွားလမ်း)၊ မိုင်တိုင်အမှတ်(၀/၃-၄)ကြား (၆လမ်းသွားခင်းထားသောနေရာ) ယာဘက်အစွန်ဆုံးယာဉ်ကြောပေါ်မှာ ရပ်တန့်ထားတဲ့ ယာဉ်မောင်းအပါ အမျိုးသားနှစ်ဦးလိုက်ပါလာတဲ့ 4H-7905 Nissan Condor(စိမ်း/ဝါရောင်) ခြောက်ဘီးယာဉ်ရဲ့ ရှေ့ဦးပိုင်းကို ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ယာဥ်တိုက်မှုကြောင့်မော်တော်ဆိုင်ကယ်ပေါ်က ဆိုင်ကယ်စီးဦးထုပ် (Safety Helmet) မဝတ်ဆင်ဘဲ လိုက်ပါလာသူ သုံးဦးအနက် နှစ်ဦးမှာ နေရာတင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးကို အတွင်းလူနာအဖြစ် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ သန်းခေါင်ကျော် အချိန်ကလည်း အမြန်လမ်းမကြီးပေါ်မှာ လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။ ရန်ကုန် – နေပြည်တော် (အသွားလမ်းအတိုင်း) မောင်းနှင်လာတဲ့ MDY-13 9L/4353 ရွှေပြည်တော် Higer အမျိုးအစား (ဖြူ/နက်ကြားရောင်) ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် မိုင်တိုင် အမှတ်(၇၆/၀) အရောက် အမျိုးသားတစ်ဦးက လမ်းလယ်ကျွန်းကနေ ရုတ်တရက် ဖြတ်ကူးစဉ် ခရီးသည်တင်ယာဉ်နဲ့ တိုက်မိခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်မှာ လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ် တွေသွားလာ ခွင့်မရှိကြောင်းနဲ့ အမြန်လမ်းပေါ် အဆိုပါ လူ/ယာဉ်တို့ကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်မောင်းနှင်သူ/လမ်းလျှောက်သူသာအရေးယူခံရမှာဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။
